By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊မုံရွာ-ချောင်းဦးလမ်းမပေါ်တွင် ကင်းပုန်းဝပ်ရန်လာသော စစ်သားနှစ်ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း Area 71 People’s Defense Force က သတင်းထုတ်ပြန်သည်။
ယနေ့(ဇွန်၂၄ရက်)နံနက် ကိုးနာရီကျော်တွင် ချောင်းဦးမြို့နယ်၊ပုရစ်ကုန်း(တောင်)ရွာနှင့်ပုရစ်ကုန်း(မြောက်)ရွာကြားရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ မိုင်းဆွဲတဲ့နေရာက ပုရစ်ကုန်း(တောင်)နဲ့ပုရစ်ကုန်း(မြောက်)ကြားမှာ။ စစ်သားနှစ် ယောက်လာတဲ့အချိန် ကျနော်တို့မိုင်းပွိုင့်အရောက်မှာ ဆွဲလိုက်တာ။ကင်းပုန်းတွေရှိမှန်းလည်း မသိဘူး။ခဏခဏ မိုင်းဆွဲခံနေရတော့ သူတို့ကလည်း ကင်းပုန်းကို ဖျောက်ထားတာ။ပြန်ပစ်မှသာ ကင်းပုန်းရှိမှန်းသိတာ။ပစ်တာကတော့ ကျည်ဆန်မိုးရွာသလား အောက်မေ့ရတယ်”ဟု Area 71 People’s Defense Force တာဝန်ခံ ကိုထွန်းက MPAသို့ ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်သားများက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ ထိခိုက်သေဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ကျတော်တို့ မိုင်းဆွဲပြီး ခဏအကြာမှာ ချောင်းဦးဘက်ကနေ ကားတစ်စီးရောက်လာပြီး ထပ်ပစ်သေးတယ်။ပြီးတော့ မုံရွာဘက်ကို အလောင်းတွေ ပြန်သယ်သွားတဲ့ပုံစံမျိုးမြင်ရတယ်”ဟု ၎င်းကဆိုသည်။
စစ်သားနှစ်ဦးသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဇွန်လ ၂၁ ရက်ကလည်း ကင်းပုန်းဝပ်ရန်လိုက်လာသည့် စစ်သား သုံးဦးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း Area 71 People’s Defense Forceက ထုတ်ပြန်ထားသေးသည်။
ဇွန်လ ၁၇ ရက်၊ နံနက် ၁၀ နာရီမှစတင်၍ ချောင်းဦးမြို့နယ်၊မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်တပ်ကင်းပုန်းက ခရီးသွားကားများကို ရပ်တန့်ခိုင်းကာ အမျိုးသားများအား မိုင်းရှာဖွေခိုင်းခဲ့ကြောင်းသိရသည်။