By Ra Wai / MPA
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးရန် ဗြိတိန်သံရုံးက တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့ဖြစ်သော ယနေ့(ဇွန်လ၁၉ရက်)တွင် ဗြိတိန်သံရုံး၊ရန် ကုန် က ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထား သည့်အပေါ် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မမေ့လျော့ကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျတော်တို့ မြန်မာပြည်သူတွေက ကျေးဇူးတင်ကြပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေ ရဲ့နွေဦးတော်လှန်ရေးကိုလည်း တကယ့်ကို လက်တွေ့ကျတဲ့ အကူအညီတွေ ပေးကြဖို့လည်း တိုက် တွန်းချင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် ကဗျာဆရာတစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များသည် နိုင်ငံရေးအရ လှုံ့ဆော်စွပ်စွဲချက်များဖြစ်ကြောင်း လည်း ဗြိတိန်သံရုံး၊ရန်ကုန်က ထုတ်ပြန်ထားသည်။
ဂျာမနီသံရုံး-ရန်ကုန်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း နှင်းဆီပန်းပန်ထားသည့် ဒေါ်အောင်ဆန်းစု ကြည်၏ ဓာတ်ပုံကို ယနေ့ တင်ထားသလို မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ ပန်းတစ်ပွင့်ပုံ တင်ထားကြောင်း တွေ့ရသည်။
ယနေ့တွင် ပြည်တွင်း၊ပြည်ပရှိ မြန်မာတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့်မွေးနေ့ အထိမ်း အမှတ်အဖြစ် ပန်းသပိတ်ဆင်နွှဲနေကြသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-105336_002.jpg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-19-105336_003-768x1024.jpeg)