By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်သွားလာနေသည့် ခရီးသွားပြည်သူများကို စစ်တပ်က အဓမ္မ မိုင်းရှင်းခိုင်းခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်မှစတင်၍ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ တွင် ကင်းပုန်းတာဝန်ကျစစ်သားများက ခရီးသွားကားများကို ရပ်ခိုင်းကာ ကားပေါ်ပါလာသည့် အမျိုးသားများအား လမ်းဘေးဝဲယာ မိုင်းရှင်းခိုင်းခြင်းဖြစ်ကြောင်း Area 71 People’s Defense Forceထံက သိရသည်။
“မိုင်းဖြုတ်ခိုင်းတာကတော့ တစ်နေကုန်တော့မဟုတ်ဘူး။သူတို့ကင်းပုန်းတာဝန်ကျနေရာမှာ မိုင်းရှင်းသွားရင် မိုင်းမရှာခိုင်းတော့ပေမယ့် ကားကို ရပ်ခိုင်းပြီး ငွေတောင်းတယ်။မိုင်းရှာခိုင်းတာကတော့ အမျိုးသားတွေကို အဓိကခိုင်းတာပါ။ကျတော်တို့ မိုင်းတွေပါ ပါကုန်တယ်” ဟု Area 71 People’s Defense Force တာဝန်ခံ ကိုထွန်း ကMPAသို့ ပြောသည်။
ထို့အပြင် ဇွန်လ၁၇ရက်၊နေ့ခင်းပိုင်းတွင် ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းဘေး၊ ပုရစ်ကုန်း(တောင်)ရွာရှိ ပြည်သူ့နေအိမ်များမှ ပစ္စည်းများကို စစ်သားများက ဝင်ရောက်လုယက်ပြီး နေအိမ် တစ်လုံးလည်း မီးရှို့ဖျက်ဆီးသွားသေးကြောင်း သိရသည်။
“ပုရစ်ကုန်းက အိမ်ကိုမီးရှို့ပြီး ပစ္စည်းတွေလုတဲ့ စစ်သားတွေက ချောင်းဦး၊မြပုလဲဂိတ်က ကောင်တွေ။တောပု ပျူတွေလည်းပါတယ်။ Express ကားနဲ့လိုက်လာပြီး ကြေးနီတင်ကားတွေကို ကင်းပုန်းဝပ်လုံခြုံရေးယူပေးတာ။ပြန်ရင်လည်း Express ကားနဲ့ပဲပြန်တာ။ပုရစ်ကုန်းရွာကိုဝင်ပြီး ပစ္စည်းလု ၊နေအိမ်မီးရှို့တာက ကင်းပုန်းကအပြန်မှာ ဝင်တာ” ဟု ၎င်းကဆိုသည်။
ဇွန်လ ၁၄ ရက်တွင် မုံရွာမြို့ဘက်မှ လာသည့် ကြေးနီတင်ကားတန်းကို လုံခြုံရေးယူပေးသည့် စစ်တပ်ကင်းပုန်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 People’s Defense Forceက ထုတ်ပြန်ထားသေးသည်။