လုပ်ငန်းခွင်ပြင်ပတွင် ဖမ်းဆီးခံရပါက တာဝန်ယူပေးနိုင်မည်မဟုတ်ဟု လှိုင်သာယာစက်ရုံအချို့မှ တာဝန်ရှိသူများက ဝန်ထမ်းများအား သတိပေးထားကြောင်း သိရသည်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း အလုပ်သွား၊အလုပ်ပြန်အချိန်များ၌ စက်ရုံဝန်ထမ်းအချို့ ဖမ်းဆီးခံနေရသည့် သတင်းများထွက်ပေါ်နေသဖြင့် ယင်းသို့သတိပေးခြင်းဖြစ်ကြောင်း လှိုင်သာ ယာစက်ရုံ ဝန်ထမ်းအချို့ထံက သိရသည်။
“စစ်မှုထမ်းဖို့ ဖမ်းခေါ်တာတွေပေါ့။စက်ရုံဝန်ထမ်းတချို့ အလုပ်သွား၊အလုပ်ပြန်ချိန် စစ်တပ်က ဖမ်း ပြီး ပျောက်သွားတာမျိုးတွေ ရှိနေလို့ စက်ရုံတချို့က ကိုယ့်ဝန်ထမ်းကိုယ် သတိပေးတာ။ကုန်ကုန် ပြောရရင် လုပ်ငန်းခွင်ထဲကို စစ်တပ်က ဝင်ဖမ်းရင်လည်း ကျတော်တို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ရုံမှ မန်နေဂျာတစ်ဦးက MPAသို့ ပြောသည်။
စစ်မှုထမ်းအသက်အရွယ်နှင့် အကျုံးဝင်သော စက်ရုံလုပ်သားများမှာ စစ်မှုထမ်းရခြင်းမှ ကင်းလွတ် ခွင့်မရသလို စက်ရုံအသွား၊အပြန်၌ ဖမ်းဆီးခံရပါကလည်း စက်ရုံအနေနှင့် ပြန်လည်ရွေးထုတ်ပေး နိုင်စွမ်းမရှိကြောင်း ၎င်းကဆိုသည်။
နိုင်ငံရေးနှင့်မပတ်သက်ဘဲ စစ်တပ်က ဖမ်းဆီးသွားသည့် စက်ရုံဝန်ထမ်းများကို စက်ရုံပိုင်ရှင်က ငွေအကုန်ကျခံကာ ရွေးပေးမည်မဟုတ်ကြောင်း လှိုင်သာယာစက်မှုဇုန်ရှိ ဖိနပ်စက်ရုံဝန်ထမ်းတစ်ဦး ကပြောသည်။
“စစ်တပ်က သူဌေးလည်း ဂရုမစိုက်ဘူး။မကျေနပ်ရင် ဖမ်းရုံတင်မကဘူး။သတ်ပါသတ်မှာဆိုတော့ သူဌေးတွေလည်း စစ်တပ်ကြောက်ရတယ်။ပြီးတော့ ဒီကာလမှာ သူဌေးတွေလည်း အမြတ်အစွန်းရဖို့ ကိုတော်တော်ရုန်းကန်နေရတော့ သူတို့အင်မတန်အားကိုးရတဲ့ ဝန်ထမ်းဖြစ်ရင်တောင် သိန်း၂၀၊၃၀ အကုန်ခံပြီး ရွေးပေးမှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့်နှစ်ပတ်ကျော်က လှိုင်သာယာ အလကသုံး ကျောင်းအနီးရှိ ၁၆ကွေ့တွင် အလုပ်မှအပြန်၌ စစ်တပ်က အလုပ်သမားနှစ်ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
“အဲဒီလိုဖြစ်ပြီးတော့ လှိုင်သာယာစက်ရုံတချို့ပဲ ပြောရမှာပေါ့နော်။ကျတော်တို့စက်ရုံရော ကျတော် တို့နဲ့သိတဲ့စက်ရုံတွေရောမှာ အလုပ်အသွား၊အပြန် အဖမ်းခံရရင် စက်ရုံက တာဝန်မယူဘူးလို့ နှုတ်မိန့် နဲ့ သတိပေးတာမျိုး ရှိလာတာ။စက်ရုံကအပြန် လုံးဝပျောက်သွားတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ သတင်းတွေလည်း ထွက်နေတာကိုး” ဟု လှိုင်သာယာရှိ ပုံးစက်ရုံတစ်ရုံ၏ အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောသည်။
ယင်းသို့ ဖမ်းဆီးပြီးနောက် လှိုင်သာယာမြို့နယ်အတွင်း ညဘက် လူအသွားအလာနည်းသွားသော် လည်း ယခုအခါတွင်မူ ပုံမှန်အတိုင်း ပြန်လည် သွားလာနေကြကြောင်း ၎င်းက ပြောသည်။