မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ခလရ(၅၀)တပ်မှ မေ ၂၆ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် (၁၂၀)မမ၊ ဟောင်ဝစ်ဇာလက်နက်ကြီးပစ်ခတ်မှုကြောင့် အောင်မြင်(ရှောက်ပင်)ကျေးရွာရှိ ဒေသခံပြည်သူသုံးဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောင်မြင်(ရှောက်ပင်)ကျေးရွာသည် ဂန့်ဂေါမြို့၏ အနောက်တောင်ဘက်၊ တစ်မိုင်ခန့်အကွာ ဂန့်ဂေါ – ထီးလင်း ကားလမ်းမပေါ်တွင်တည်ရှိပြီး စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အောင်မြင်ရွာအနီးရှိ ပျားရွာဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ တိုက်ပွဲဖြစ်တာလည်း ဘာမှမရှိဘူး။ ဒီအတိုင်း ပစ်တာ။ ရှောက်ပင်(အောင်မြင်)တံတားနားက လမ်းတောင်ဘက်မြောက်ဘက်၊ နှစ်အိမ်ပေါ်ကျတာ။ လမ်းတောင်ဘက်က ညီအစ်မနှစ်ယောက်သေတယ်။ မြောက်ဘက်အိမ်က တစ်ယောက်သေတယ်။ အိမ်တွေလည်း ပျက်စီးတယ်” ဟု ၎င်းက MPA ကိုပြောသည်။
စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးသွားသူများမှာ အသက်(၅၀)အရွယ် ဦးတင်ချို၊ အသက်(၃၀)အရွယ်ဒေါ်ပေတေးနှင့် အသက်(၂၃)နှစ်အရွယ် ဒေါ်နန္ဒာမြင့်တို့ဖြစ်ပြီး (၈)လသားအရွယ်ကလေးငယ်အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ လက်နက်ကြီးက မထင်ရင်မထင်သလိုပစ်တာတော့ရှိတယ်။ ဒီရက်ပိုင်း စစ်ကြောင်းတော့မထိုးဘူးနော။ အခုလည်း ပြောနေကြတာက PDF လမ်းကြောင်းရှိလို့ ပစ်သလိုလိုပြောနေကြတာ” ဟု ဂန့်ဂေါအနောက်ဘက် ဇာဟောရွာဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသူများကို ယနေ့နေ့လယ်ပိုင်းမှာပင် ကောင်းမွန်စွာသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။