ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ခလရ – ၃၉ တပ်ရင်းရှေ့မှ ဆိုင်ကယ်ဖြင့်ဖြတ်သွားသည့် လူငယ်နှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ ဖမ်းဆီးထားရသူမှာလည်း မိသားစုနှင့် တွေခွင့်မရရှိသေးကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် မေ ၂၂ ရက်၊ ညနေ ၆ နာရီကျော်ချိန်က တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ ကြူးဇောင်းကွက်သစ်တွင်နေထိုင်သည့် မောင်ဇော်ဇော်အောင်နှင့် ဝက်ကလေး ဆိုသူတို့သည် ခလရ-၃၉ တပ်ရင်းရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းသွားချိန်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကဆိုသည်။
“နောက်က ထိုင်လိုက်တဲ့ ဇော်ဇော်အောင် ကတော့သေသွားတယ်၊ ရှေ့က မောင်းတဲ့ဝက်ကလေးလည်း သေနတ်မှန်တယ်ကြားတယ်၊ ဆိုင်ကယ်မှောက်တဲ့ဒဏ်ရာလည်းပြင်းတယ်တဲ့၊ ရွာထဲအေးအေးဆေးနေတဲ့ ကောင်လေးတွေပါ၊ အသက် ၂၀ လောက်ပဲရှိသေးတယ်၊ မြို့သွားတာကို အဲဒီတပ်ရှေ့က ဖြတ်သွားတာ မှာအပစ်ခံရတာ” ဟု အထက်ပါရွာခံအမျိုးသားက MPA ကိုပြောသည်။
သေဆုံးသွားသူ မောင်ဇော်ဇော်အောင်၏ အလောင်းအား မိသားစုကို ပြန်ပေးသော်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် ကိုဝက်ကလေး ဆိုသူကို မိသားစုနှင့် တွေ့ခွင်မပေးကြောင်း ၎င်းတို့နှင့်ဆွေမျိုးတော်သူစပ်သူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
“မိသားစုတွေလိုက်သွားတာလည်းတွေ့ခွင့်မပေးဘူး၊ အခုဆိုလေးငါးရက်ရှိနေပြီ၊ စိတ်ပူနေရတယ်၊ သူတို့ပြောတာတော့ ဆေးကုပေးနေတယ်ပြောတာပဲ၊ သေချာမသိရဘူး၊ ဘယ်ဆေးရုံမှထားတာလည်း၊ဒဏ်ရာဘယ်လောက်ပြင်းထန်လည်းမပြောဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ ခလရ-၃၉ တပ်ရင်းက ည ၆ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့်မရှိကြောင်းကို ယခု မေလအတွင်းကပင် မာရှယ်လောထုတ်ထားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကြားတာတော့ ဆိုင်ကယ် ရပ်ခိုင်းတာမရပ်ပေးဘဲမောင်းပြေးလို့ပစ်တယ်ပြောတာပဲ၊ ခါတိုင်းချိန်တွေက တော့ စစ်တပ်ရှေ့ကို ဖြတ်ရင်လေးမိုင်စစ်ဆေးရေးဂိတ်မှာ စစ်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က အဆိုပါ ခလရ-၃၉ တပ်ရင်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။