စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ ရဲကင်းနှင့် သာစည်ထောင်ရှေ့ရှိ စစ်ကောင်စီတပ်ကို PDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးနှင့် ရဲ နှစ်ဦးသေဆုံးကြောင်းသိရသည်။
မေလ ၂၄ရက်၊ နံနက် ရှစ်နာရီခွဲခန့်တွင် သာစည်ကျေးရွာရှိ ရဲကင်းနှင့် သာစည်အကျဉ်းထောင်ပေါက်ရှိ စစ်တပ်ကို PDF တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅မိနစ်ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ကြောင်း Snipe Rangers Force အဖွဲ့က သတင်းထုတ်ပြန်သည်။
“ နှစ်နေရာပေါင်းကို ပုံမှန် အင်အား ၅၀လောက်ရှိတယ်။ ရဲကင်းနဲ့ အကျဉ်းထောင်က နီးနီးလေးပါ။ တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ” ဟု Snipe Rangers Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို တပ်တွင်းသတင်းပေးမှ တစ်ဆင့်သိရှိပြီး ဒဏ်ရရသူများကို အကျဉ်းထောင်အတွင်း၌ပင် ဆေးကုသမှုပေးနေကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် လက်နက်ကြီးပြောင်းကွဲသဖြင့် PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သာစည်ထောင်ထဲတွင် အကျဉ်းသားအချို့သာရှိပြီး တိုက်ခိုက်ခံရပြီးနောက် စစ်သားနှင့်ရဲတို့က ဘေးပတ်ပတ်လည်သို့ သေနတ်များ ပစ်ဖောက်နေကြောင်း မုံရွာမြို့ခံတစ်ဦးကပြောသည်။
“ မုံရွာထောင်ကသပ်သပ် သာစည်ထောင်ကသပ်သပ်။ သာစည်လမ်းပေါ်မှာရှိတာ။ အဲ့မှာလည်း အကျဉ်းသားတွေ ထားထားတာရှိတယ်။ နည်းတော့နည်းပါတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပြောက်ကျားတပ်၊ ဒေါင်းညီနောင် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-25-180600_002.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-25-180600_003-1024x461.jpeg)