ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ မိုင်းခွဲခံရသည့် ရန်ကုန် – မန္တလေး မီးရထားလမ်းပိုင်းကို စစ်ကောင်စီ က အပူတပြင်း ပြင်ဆင်နေကြောင်း သိရသည်။
ယနေ့ (မေလ၂၅ရက်) နံနက်ပိုင်းအထိ တော်လှန်ရေးတပ်များ မိုင်းခွဲခဲ့သည့် ရန်ကုန်-မန္တလေး မီးရထားလမ်း မိုင်တိုင် အမှတ် ၁၂၆/၇-၈ ပတ္တာရွာအနီးရှိ ရထားသံလမ်းကို စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ပေးကာ ပြင်ဆင်နေကြောင်းဒေသခံအချို့ထံက သိရသည်။
“ဒီနေ့ မနက်ထိတော့ ရထားမထွက်နိုင်သေးဘူး။သူတို့ လုံခြုံရေးအပြည့်နဲ့ ရထားပြန်ပြေးနိုင်အောင် စစ်ကောင်စီက ကြိုးစားနေတယ်” ဟု CDM မီးရထား ဂတ်ဗိုလ်တစ်ဦးက MPAသို့ပြောသည်။
မေလ ၂၄ ရက်၊ နံနက် နှစ်နာရီဝန်းကျင်တွင် ဖြူးမြို့နယ်၊ကညွတ်ကွင်းနှင့်ညောင်ပင်ကြား၊ မိုင်တိုင် အမှတ် ၁၂၆/၇-၈၊ပတ္တာရွာ လမ်းကူးအနီးရှိ ရထားသံလမ်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဒီရထားလမ်းက နေပြည်တော်ကနေ ပဲခူး ကနေ မော်လမြိုင်၊ရွှေကျင်ဘက်ကို လက်နက်ခဲယမ်းပို့နေတဲ့ ရထားလမ်းပိုင်းပါ။စစ်တပ်ရဲ့ ထောက်ပို့လမ်းပိုင်းမို့ လုပ်ဆောင်ခဲ့တာပါ။ညက နှစ်နာရီလောက်က တစ်ကြိမ်ဆွဲတယ်။ မနက်မှာ ဒီကောင်တွေ လာစစ်တဲ့အချိန် ထပ်ဆွဲတယ်။ ကားပေါ်ကို သုံးယောက်တင်သွားတယ်။ညောင်ပင်သာစခန်းက ရဲ ဖြစ်ဖို့များတယ်” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံတစ်ဦးကပြောသည်။
မိုင်းထိသွားသူ သုံးဦး၏ အခြေအနေကိုမူ မသိရသေးဟုဆိုသည်။
ရန်ကု-မန္တလေး ရထားလမ်းပိုင်း ပျက်စီးသွားသဖြင့် ရထားခရီးစဥ်များကို ယာယီရပ်ဆိုင်းထား ကြောင်း သိရသည်။
မေလနှစ်ရက်ကလည်း ဖြူးမြိုနယ်၊ ကညွတ်ကွင်းနှင့် ညောင်ပင်သာကြားရှိ တံတားနှင့် ရန်ကုန် – မန္တလေး မီးရထားလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့က မိုင်းထောင် ဖောက်ခွဲခဲ့ပြီးနောက် ကုန်ရထား တစ်စီး ဘီးချော်ခဲ့ကြောင်းသိရသည်။