ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေတွင် ပိတ်မိနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်သားငါးဦးသည် လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။
အဆိုပါ စစ်သားငါးဦးသည် တော်လှန်ရေးရဲဘော်များထံချိတ်ဆက်ကာ မေ ၄ ရက်တွင် စစ်သားသုံးဦး ကနဦးအလင်းဝင်ရောက်လာပြီး မေ ၁၂ ရက်တွင် နောက်ထပ် စစ်သားနှစ်ဦး ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။
“ ဒီရက်ပိုင်းအတွင်းမှာကိုပဲ အောင်ဇေယျစစ်ကြောင်း တပ်မ ၅၅ က စစ်သားငါးယောက် အလင်းဝင်လာတယ်။ ၃၁ ဗျူဟာကို စစ်သားသုံးယောက် နဲ့ ကျားဖြူစစ်ကြောင်းကို စစ်သားနှစ်ယောက်။ အားလုံးလက်နက်ခဲယမ်းတွေပါ ယူဆောင်လာကြတယ်။ ငါး ယောက်လုံး တပ်သားအဆင့်တွေပါပဲ” ဟု ကျားဖြူစစ်ကြောင်း၏ တာ၀န်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ယခုကဲ့သို့ အလင်းဝင်ရောက်လာသည့် စစ်သားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အောင်ဇေယျစစ်ကြောင်းမှ အလင်း၀င်ချင်သည့် စစ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးအင်အားစုများထံ အချိန်မရွေးလာရောက်ပူးပေါင်းနိုင်ကြောင်း ကျားဖြူစစ်ကြောင်းက ဖိတ်ခေါ်ထားသည်။
“ လက်နက်ချအလင်း၀င်တဲ့ ဒီရဲဘော်အများစုက သင်တန်းဆင်းပြီးစတွေများတယ်ဗျ။ တချို့ဆို ခရီးသွားတာမှတ်ပုံတင်မပါလို့ စကစထဲအထည့်ခံရတာတို့၊ ရန်ဖြစ်တဲ့အမှူကိုထောင်ထဲမသွားချင်ရင် သူတို့ထဲထည့်လိုက်တာတို့ပေါ့။ သေချာတာက မတရားသဖြင့် စုဆောင်းခံရတဲ့သူတွေပေါ့” ဟု ကျားဖြူစစ်ကြောင်း၏ တာ၀န်ရှိသူတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းအနေဖြင့် နေ့စဉ်နှင့်အမျှစစ်ကြောင်းထိုးချီတက်နေသော်လည်း ရှေ့သို့တိုးလာနိုင်ခြင်းမရှိဘဲ ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီးတွင်သာ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
“ လက်ရှိအချိန်အထိ သူတို့ (အောင်ဇေယျစစ်ကြောင်း) တောနော်ရေတံခွန် အနီးတစ်ဝိုက်မှာပဲ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်တော့ လုပ်နေတယ်။ အဲလောက်ပါပဲ” ဟု ကော်ဘရာစစ်ကြောင်း(၁)၏ စစ်ကြောင်းမှူး ဗိုလ်စောကော်ကဆိုသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအနေဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိအခိုက်အကျအဆုံးများနေပြီး မေ ၁၂ ရက်ကလည်း နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ပူးပေါင်း၍ အောင်ဇေယျစစ်ကြောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား rocket များဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
မြဝတီမြို့ကို စစ်ကူလာသည့် အဆိုပါ အောင်ဇေယျစစ်ကြောင်းအား ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် VENOM စစ်ကြောင်းအပြင် အခြားစစ်ကြောင်းများ ပူးပေါင်းတိုက်ခိုက်နေပြီး ဒေါနတောင်ပေါ်တွင် နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၃ ရက်ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းကဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့သေးသည်။