စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးမှာ အသည်းအဆီဖုံးရောဂါ ခံစားနေရကြောင်း ၎င်း၏မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှစ၍ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဒေါ်ညိုအေးသည် အကျဉ်းထောင်အတွင်း နေထိုင်စားသောက်မှုနှင့် ရေမသန့်ရှင်းမှုတို့ကြောင့် အသည်းအဆီဖုံးရောဂါကို ခံစားလာရခြင်းဖြစ်ကြောင်း သိရသည်။
“အမှုရင်ဆိုင်နေရင်းနဲ့ တရားခွင်မှာ လဲကျသွားတာ။ အဲ့ဒီတုန်းက ဆေးရုံမှာ ဓါတ်မှန်တွေ ရိုက်တယ်။ ဆေးစစ်တာတွေ လုပ်တယ်။ ဆေးစစ်ချက်အဖြေထွက်လာတော့ အသည်းမှာ အဆီဖုံးနေတယ်ဆိုတာ သိရတယ်။ အသက်ရှူကျပ်တာတွေလည်း ဖြစ်တယ်။ ထောင်ထဲမှာတုန်းကတော့ အစားအသောက်ပြတ်လပ်တာတွေလည်းရှိတော့ အားပြတ်တာတွေလည်း ဖြစ်ခဲ့တယ်။ ထောင်ထဲရောက်မှ အသည်းအဆီဖုံးရောဂါကို ရခဲ့တာ။ အဓိကကတော့ ရေနဲ့ဆိုင်တာပေါ့။ အဝီစိရေပဲ သောက်ရတာ။ ရေသန့်မရှိဘူး။ ထမင်းတွေကလည်း ဆော်ဒါတွေထည့်ပြီး ပေါင်းအိုးကြီးတွေနဲ့ ပေါင်းပြီး ကျွေးတာ။ ဒါတွေကြောင့်လည်း ဒီရောဂါကို ခံစားလာရတာပေါ့” ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ရောဂါခံဖြစ်ပွားမှုအခြေအနေကို ရှင်းပြသည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးသည် မူလက ဆီချိုရောဂါ အခံသာရှိခဲ့သော်လည်း အကျဉ်းထောင်အတွင်း ၈ လနှင့် ၁၅ ရက်ကြာ အကျဉ်းကျခံရပြီးနောက် သွေးတိုးနှင့် အသည်းအဆီးဖုံးရောဂါတို့ပါ ထပ်မံခံစားလာရခြင်းဖြစ်ကြောင်း သိရသည်။
အကျဉ်းထောင်အတွင်း ခံစားလာရသော အသည်းအဆီဖုံးရောဂါအတွက် သောက်ဆေးများသည် ရခိုင်ပြည်နယ်အတွင်း ဝယ်ယူရန်အတွက် ဆေးဝါးပြတ်လပ်နေသဖြင့် အဆိုပါရောဂါအား ရန်ကုန်တွင် သွားရောက်၍ ဆေးကုသရန်အတွက် ပြင်ဆင်နေသော်လည်း ပြန်လည်အဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်း ဒေါ်ညိုအေးက ပြောသည်။
“အမေပြန်လွတ်လာတဲ့အတွက် ဝမ်းသာတယ်။ ကျွန်မက နဂိုကတည်းက အမေ့ကို အပြင်မှာ ဆေးကုသခွင့် ရစေချင်တာ။ အခုတော့ ပြန်လွတ်လာပြီဖြစ်တဲ့အတွက် အပြင်မှာဆေးကုပေးချင်တဲ့ ကျွန်မဆန္ဒလေး ပြည့်သွားတာ အတိုင်းထက်အလွန် ဝမ်းသာတယ်။ ရန်ကုန်မှာ ဆေးသွားကုဖို့အတွက် ပြင်ဆင်နေပေမယ့် တဖက်က ပြန်လည်ဖမ်းဆီးခြင်းဆိုတဲ့ အပေါ်မှာတော့ စိုးရိမ်စိတ်တော့ ရှိတာပေါ့။ ဒါပေမယ့် မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်”ဟု ဒေါ်ညိုအေး၏ သမီးဖြစ်သူ မသန္တာက ဆိုသည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးသည် အကျဉ်းကျခံရသည့်ကာလတစ်လျှောက်လုံးတွင် မိသားစုနှင့် ၂ လမှ တစ်ကြိမ်နှုန်းဖြင့်သာ ထောင်ဝင်စာတွေ့ခွင့်ရခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
အင်းစိန်အကျဉ်းထောင်အတွင်း ၂ နှစ်နီးပါး အကျဉ်းခံခဲ့ရသော နိုင်ကျဉ်းတစ်ဦးကလည်း “အင်းစိန်ထောင်လို ထောင်မျိုးမှာတောင် အစားအသောက်၊ ရေစသဖြင့် လိုအပ်ချက်တွေက အများကြီးရှိသေးတယ်။ ရောဂါအဖြစ်များတာကတော့ ယားနာ၊ အစာအိမ်နဲ့ နှလုံးတို့ပေါ့။ အထဲမှာက လေ့ကျင့်ခန်းလုပ်ဖို့ နေရာမရှိဘူး။ အစကတည်းကလည်း အကျဉ်းထောင်ထဲက အကျဉ်းသူ၊ အကျဉ်းသားတွေကို လူ့အခွင့်အရေးနဲ့ ညီညွတ်အောင် ထားရမယ်ဆိုပြီး တွေးထားတာ မဟုတ်ဘူး။ ထောင်ထဲမှာ နေထိုင်ရတဲ့ အချိန်တွေမှာဆိုရင် ကိုယ်က ဘယ်လောက်အတိုင်းအတာထိ ရောဂါဖြစ်တယ်ဆိုတာကို မသိရဘူး။ ရောဂါကျွမ်းသွားမှသာ သိရတာ။ အသည်းဆီဖုံးရောဂါဆိုတာကလည်း ဖြစ်နိုင်ချေအများကြီးရှိတယ်။ နေထိုင်စားသောက်မှု မမှန်တာ၊ ဖိစီးမှုများတာ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာလည်း မနေရတာတွေကြောင့် ဒီရောဂါတွေက အဖြစ်အများဆုံးပဲ”ဟု ထောက်ပြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၃ ရက်က စစ်တွေမြို့ရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ်၊ ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းကြောင့်ဟုဆိုကာ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၅ ရက်တွင် စစ်တွေရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းက ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုလေး လုပ်တာနဲ့တင် ကျွန်မကို ပုဒ်မကြီးကြီးမားမားနဲ့ အတပ်ခံလိုက်ရတော့ ကသိကအောက်တော့ ဖြစ်တာပေါ့။ သမဂ္ဂအဖွဲ့တွေဆိုတာကလည်း သူတို့အဖွဲ့နဲ့ သူတို့ စည်းလေးကမ်းလေးနဲ့ နေကြသူတွေပါ။ ဦးဆောင်သူတွေကို မမိမချင်း ကျွန်မအမှုကို ဆုံးဖြတ်ချက်ချမှာ မဟုတ်ဘူးဆိုတာတွေလည်း ရှိခဲ့တယ်။ ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်မ ဘာမှတော့ ဖြစ်သွားမှာမဟုတ်ပါဘူး”ဟု ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက သူမဖမ်းဆီးခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး ပမှတ်ချက်ပြုသည်။
ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးသည် ၂၀၂၃ ခုနှစ်က စစ်တွေဆန်ပြသနာနေ့ ဝမ်းနည်း အောက်မေ့ဖွယ် အခမ်းအနားသို့ ဦးဆောင်သူများ၏ ဖိတ်ကြားချက်ကြောင့် တက်ရောက်ခဲ့သဖြင့် သူမအား စစ်ကောင်စီက မတရားဖမ်းဆီးကာ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၄ဘခုနှစ်၊ ဧပြီ ၁၇ ရက်က နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။