မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကတောကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ အိမ်မွေးကြက်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်နေသဖြင့် မပြုလုပ်ရန် တားမြစ်သည့် ဘုန်းကြီးကို ပစ်သတ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
ယမန်နေ့ (ဧပြီ ၁၀ ရက်)၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကတောကျေးရွာသို့ ရောက်ရှိလာပြီး၊ သောက်စားမူးရူးကာ ကျေးရွာအတွင်းရှိ ကြက်များကို လိုက်လံသတ်ဖြတ်နေသည့်အတွက် မလုပ်ရန် တားမြစ်သည့် ပုဗ်ပါရုံကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
“ ရွာထဲနဲ့ ဘုန်းကြီးကျောင်းထဲက ကြက်တွေကို မသတ်ဖို့ ပြောရာကနေ ဆရာတော်ကို ပစ်သတ်သွားတာပါ၊ စစ်ကြောင်းက အင်အား ၂၀၀ ကျော်ပါရှိပါတယ်။ အခုထိတော့ စစ်ကြောင်းက ကတောရွာထဲမှာလည်း ရှိနေသေးသလို ရွာနားတဝိုက်မှာလည်း ရှိနေပါသေးတယ်” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA သို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကတောကျေးရွာ ယာတောမှ ပြန်လာသော အလုပ်သမားများထံမှ ပါလာသည့် ရွှေ၊ ငွေများနှင့် တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ဧပြီ ၈ ရက်မှစ၍ ဧပြီ ၁၀ ရက်အထိ မြင်းခြံမြို့နယ်အတွင်းရှိ ရသာ၊ ဖက်ရင်း၊ တူရွင်းဘို့၊ ကျားတိုင်း၊ မရိုးကုန်းနှင့် ကတောကျေးရွာများမှသို့ စီးနင်းဝင်ရောက်ခဲ့ကာ၊ ရသာနှင့် တောပုကျေးရွာမှ အိမ်ခြေ ၁၀၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဒေသခံခြောက်ဦးကို သတ်ဖြတ်ခဲ့သည်။
“ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ မလှိုင်လမ်းပိုင်းတွေ တဆက်တည်းမှာ PDF တွေ စိုးမိုးထားတယ်။ စစ်ကောင်စီတပ်ထိုင်နိုင်တာဆိုလို့ မြင်းခြံမြို့ပေါ်မှာဘဲ ရှိတော့တာပါ။ တချို့ ပျူရွာတွေမှာတော့ စစ်တပ်အထိုင်ချပြီး နီးစပ်ရာနေရာကို ဝင်စီးတာတွေရှိတာပေါ့၊ လက်နက်မရှိတဲ့ ပြည်သူကို သတ်ပြီး သူတို့မဟုတ်သလို ပြန်ပြီး ဝါဒဖြန့်တာ” ဟု မြင်းခြံဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၁၁ ရက်မှ ၁၅ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြင်းခြံမြို့နယ် အရှေ့ဘက်ခြမ်းရှိ၊ မန်ကျည်းစု၊ သင်ပြွန်း၊ ဆိတ်ကုန်း၊ ပျိုးကန်နှင့် ကန်စွယ်ကျေးရွာမှ စုစုပေါင်း နေအိမ် ၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဒေသခံပြည်သူ ၉ ဦးကို သတ်ဖြတ်ခဲ့သေးသည်။