ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့၌ အခမ်းအနားတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။
အဆိုပါ အခမ်းအနားအား ဇူလိုင်လ (၁၆) ရက်နေ့၊ ယမန်နေ့တွင် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ KNDO တပ်ရင်း (၆) ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
“ တပ်မဟာ ၇ ခုရှိတယ်။ ၇ ခု စလုံးမှာ KNDO နေ့ အခမ်းအနား လုပ်ကြပါတယ်။ ဗဟို ဌာနချုပ်မှာလည်း ကျင်းပတယ်။ ဗဟို ဌာနချုပ်က သီးသန့်ပါ။ တချို့ တပ်ရင်းတွေမှာတော့ အကျဥ်းချုပ်ပဲ လုပ်ကြပါတယ်” ဟု ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ယင်းအခမ်းအနားသို့ KNU−ကရင်အမျိုးသားအစည်းအရုံးမှ မြို့နယ်တာဝန်ရှိ ခေါင်းဆောင်များ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူးနှင့် တပ်ဗိုလ်၊ တပ်မှူးများ၊ ကျေးရွာအုပ်စုမှူးများ၊ ဒေသခံပြည်သူလူထုများနှင့် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၁၀၀) ဦး ဝန်းကျင်ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
” အခမ်းအနားမှာ KNDO−ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး လူကြီးတွေက အသေးစိတ် ရှင်းပြပြောပြတဲ့အတွက် KNDO တပ်ဖွဲ့အကြောင်း သေချာသိခွင့်ရတယ်။ ကရင်အမျိုးသားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ပိုမိုသိမြင်ခဲ့ရပါတယ်” ဟု အခမ်းအနား တက်ရောက်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။
အခမ်းအနားကို အစီအစဉ် ၉ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် အစီအစဥ်များအား ဖတ်ကြားခြင်း၊ ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း၊ သဘာပတိမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ KNU ဗဟိုဌာနချုပ်နှင့် KNDO ဗဟိုဌာနချုပ်မှ ပေးပို့လာသော KNDO နေ့ သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ KNDO−ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်နှင့်တပ်ရင်း တာဝန်ရှိခေါင်းဆောင်များမှ အားပေးစကားပြောကြားခြင်းနှင့် သဘာပတိမှ ရှေ့ဆောင်လမ်းညွန်မှုနှင့် အမှာစကားများ ပြောကြားခဲ့ပြီးနောက် ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်ဟု ဆိုသည်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၏ ဌာနချုပ်နေရာတွင်လည်း (၇၆) နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ မဟာမိတ်တပ်ဖွဲ့များ၊ မဟာမိတ်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထု စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်းလည်း သိရှိရသည်။