မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်တပ် ဩဇာသက်ရောက်သော နယ်မြေ ရာခိုင်နှုန်း၂၀ခန့်သာရှိ တော့ကြောင်း Myingyan Black Tiger ထံက သိရသည်။
ရေစကြိုမြို့ပေါ်အထိုင်ချစစ်ကောင်စီတပ်သည် မြို့တွင်း ကင်းလှည့်လျှင်တောင် ရှေ့ပြေးလွှတ်ပြီးမှ ကင်းလှည့်ရဲသည့် အခြေအနေဖြစ်နေကြောင်း ရေစကြိုမြို့နယ်တွင် လှုပ်ရှားနေသော Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
“ သူတို့ထုတ်ထားတဲ့ အမိန့်တိုင်းကို ပြည်သူတွေက ဆန့်ကျင်တယ်။ အဖွဲ့အစည်းတွေကလည်း သူတို့ထုတ်တဲ့အမိန့်ကို မနာခံတဲ့အပြင် သွားတိုက်တယ်။ ဘယ်အချိန်၊ ဘယ်အချိန်မထွက်ရဘူးလို့ သူတို့ ဘယ်လောက်ပဲ စည်းကမ်းချချ ကျနော်တို့က လုပ်စရာရှိတဲ့အလုပ် လုပ်နေမှာပါ” ဟုဗိုလ်မိုက်ခဲကပြောသည်။
စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ်ရှိ ရဲစခန်း၊ ရုံးပေါင်းစုံ(ထွေအုပ်ရုံး)၊ ဆေးရုံ၊ ငြိမ်းဇာနည် စစ်မှုထမ်းဟောင်းရုံးနှင့်ဘုန်းကြီးကျောင်းတို့တွင် အထိုင်ချထားပြီး အင်အားစုစုပေါင်း ၅၀ဝ ခန့်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် ရေစကြိုမြို့တွင်း၌ ကင်းလှည့်သည့်အခါ ကားကို အမြန်မောင်းပြီးလှည့်လေ့ရှိကြောင်းလည်း ၎င်းကပြောသည်။
“ မြို့ပေါ်ကင်းကတော့ လှည့်တယ်။ အရင်လို ဆိုင်ကယ်နဲ့မလှည့်တော့ဘူး။ ခြေလျင်လှည့်တယ်။ ကားနဲ့လှည့်တယ်။ ဒါပေမဲ့ သူတို့ရမ်းပြီး မထွက်ရဲဘူး။ ရှေ့ကနေ ရှေ့ပြေးအနေနဲ့ အယောက်၃၀လောက်လွှတ်တယ်။ ကင်းပုန်းတွေဝပ်တယ်။ ကင်းပတ်တယ်ဆိုတဲ့ သဘောတရားရှိရုံပဲရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများသည် တိုက်ခိုက်ခံရမှာကြောက်၍ ပြည်သူကို အကာအကွယ်ယူပြီးနေသည်မှာ ရာခိုင်နှုန်း၇၀ခန့်ရှိပြီး ကျန် ရာခိုင်နှုန်း၃၀သည် ဘန်ကာများ၊ ကတုတ်ကျင်းအခိုင်အမာတည်ဆောက်ပြီးနေခြင်းဖြစ်ကြောင်း သိရသည်။
” သူတို့အတွက် စစ်မြေပြင်က စခန်းအပြင်ထွက်မှမဟုတ်ဘဲ စခန်းထဲတင် စစ်မြေပြင်ဖြစ်နေတဲ့အနေအထားရှိတယ် ရေစကြိုမှာ။ အပြင်ထွက်မယ်ဆိုရင်တောင် သူတို့ အရင်လို လေး၊ငါး၊ခြောက်ယောက်လောက်နဲ့ မထွက်ရဲတော့ဘူး အင်အား ၄၀ ၅၀ ၁၀၀လောက်နဲ့မှ ထွက်ရဲတော့တယ်။ ဒါတောင် မိုင်းဆွဲတိုက်ခိုက်ခံရသေးတယ်” ဟု ဗိုလ်မိုက်ခဲက ပြောသည်။
ရေစကြိုမြို့တွင် PDFအင်အားကောင်းလျက်ရှိပြီး စစ်ကောင်စီတပ်နှင့်ယှဉ်လျှင် မြို့ပေါ်လေးပုံ၊ သုံးပုံခန့်ကို စိုးမိုးနိုင်သည့် အနေအထားရှိကြောင်း သိရသည်။
“ မြို့သိမ်းတိုက်ပွဲ စမယ်ဆို ကျနော့်အနေနဲ့ စလို့ရတယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ ဘာကြောင့်မတိုက်သေးတာလဲတော့ ကျနော်လည်း ဒီအဖြေမရှာတတ်သေးဘူး။ တကယ်တမ်းတိုက်မယ်ဆိုရင်တော့ ရနိုင်တဲ့ အနေအထားတော့ရှိတယ်။ မတိုက်ဘူးဆိုတဲ့ အကြောင်းပြချက်တခုမှာလည်း ဝေဟင်ကို စိုးရိမ်စရာရှိပါတယ်။ မုံရွာကနေ တက်လာရင်လည်း ၁၀မိနစ်၊ ၁၅မိနစ်ဆို ဒီဘက်လေယာဉ်ရောက်တာဆိုတဲ့ အနေအထားလေးတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်သားများသည် ယူနီဖောင်းမဝတ်ရဲဘဲ ဘောင်းဘီတိုဖြင့် PDF ပုံစံဖမ်းပြီးနေကာ စစ်ကြောင်းထိုးမှသာ ယူနီဖောင်းဝတ်ရဲကြောင်းသိရသည်။