By MPA CJ 014
မိုးဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က တာဝေးပစ် ဒုံးဖြင့်ပစ်ခတ်နေကြောင်း သိရသည်။
မေလ ၂၇ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲသည် ယနေ့တိုင် ပြင်းထန်လျက်ရှိကြောင်း မိုးဗြဲမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ တိုက်ပွဲက ပြင်းတယ်။မြို့ထဲကိုလက်နက်ကြီးနဲ့ နေ့တိုင်းထုနေတာ။ညတောင် မရောက်ရဲဘူး။ညရောက်တာနဲ့ အသံတွေကြားနေရပြီ။လွိုင်ကော်မြို့နားလည်း လက်နက်ကြီးကျတယ်” ဟု ၎င်းက ပြောသည်။
မေလ၃၀ရက်၊နံနက် ၇နာရီခန့်က မိုးဗြဲမြို့တစ်နေရာသို့ ဂျက်လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲခဲ့ပြီး လွိုင်ကော်မြို့အခြေစိုက် ၅၄ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း KAတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့ညနဲ့ ဒီနေ့တိုက်ပွဲမှာ ပြည်သူတွေအားရစေမယ့် သတင်းကြားရမှာပါ။အခုက လွိုင်ကော်ကနေ အသကုန်ရမ်းသန်းပစ်နေတာ။ဖယ်ခုံမြို့က ခေါင်းအိ ဘက်ကိုလည်း လေယာဉ်နဲ့လာပစ်သွားသေးတယ်။ဒီနေ့ပစ်တာပေါ့နော်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့အခြေစိုက် ၅၄တပ်ရင်းမှနေ၍ Missile Rocket ဖြင့် ပစ်ခတ်နေပြီး ဖယ်ခုံမြို့နယ်တစ်နေရာကိုလည်း ဂျက်လေယာဉ်ဖြင့် ပစ်ခတ်သွားသေးကြောင်း သိရသည်။