ပဲခူးတိုင်း၊ဝေါမြို့နယ်၊ညောင်ခါးရှည် ရဲစခန်းကို PDF များကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးကြောင်းသိရသည်။
ဧပြီလ ၂၇ ရက် ၊ည ၇ နာရီဝန်းကျင်တွင် ညောင်ခါးရှည်နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကင်းစောင့်နေသည့် ရဲသေဆုံးခဲ့ကြောင်း Bago Region PDF ကထုတ်ပြန်သည်။
“ရဲတွေတန်းစီနေချိန် ချောင်းပြီးပစ်တာ။ကင်းသမားကထွက်လာတာနဲ့ အရင်ဆုံးပစ်လိုက်တာ လဲကျသွားတယ်။လင့်စင်ပေါ်ကရော ကတုတ်ကျင်းတွေကပါ ပြန်ပစ်တာ။ပစ်ခတ်မှုဖြစ်နေချိန်မှာပဲ ဘုရားကြီးအမြောက်တပ်ကနေ စစ်ကူတွေလာပြီဆိုတာသတင်းရတာနဲ့ ကျနော်တို့ ပြန်ဆုတ်လာခဲ့တယ်”ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ရဲတပ်သားသေဆုံးမှုနဲ့ပတ်သက်၍ MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
ညောင်ခါးရှည်ရဲစခန်းကို ဝေါမြို့နယ် ပကဖ နှင့် ပဲခူးခရိုင် PDF ၃၇၀၁ ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်းသို့ KNLAနှင့် PDF များဝင်ရောက်လာမည့်သတင်းများထွက်ပေါ်ပြီးနောက် မတ်လ ဒုတိယ အပတ်မှ စတင်ကာ စစ်ကောင်စီတပ်က ဝေါမြို့ပေါ်ရပ်ကွက်များ အပါအဝင် ညောင်ကိုင်း၊ ကတွတ်၊ မြစ်ကျိုး၊ ရှမ်းကိုင်း၊ ဘုရားပျို၊ သူရဲသမိန်၊ လက်ပံစသည့် ကျေးရွာကြီးများမှ ဒေသခံများ အား ဖိအားပေး ကင်းစောင့်ခိုင်းလျက်ရှိကြောင်းသိရသည်။