ပြည်သူလူထုကို လက်နက်အားကိုးဖြင့် အကြမ်းဖက် သတ်ဖြတ်နေသော အာဏာသိမ်း စစ်ကောင်စီတပ်ကို အမြစ်ဖြတ်သုတ်သင် ချေမှုန်းရေး ဦးတည်းချက်တူ တော်လှန်ရေး တစ်ရပ် ဆင်နွဲနိုင်ရေးအတွက် ကော်သူလေး လက်နက်ကိုင်အဖွဲ့စုံမှ ခေါင်းဆောင်တွေ စုပေါင်းပြီး ဧပြီလ ၃ ရက်နေ့က ကော်သူလေးဒေသ တနေရာမှာ သွေးသစ္စာရေသောက်ပြီး ကတိသစ္စာပြုခဲ့ကြကြောင်း သိရသည်။
အာဏာရှင် စနစ် အမြစ်ဖြတ်ရေး မြေပြင်တိုက်ပွဲ အရှိန်မြှင့်ဖို့ ကော်သူလေး လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ခေါင်းဆောင်တွေ စုပေါင်းပြီး သွေးသစ္စာရေသောက် ကတိပြုခဲ့ကြခြင်း ဖြစ်ကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ နွေဦးတော်လှန်ရေး အရှိန်မြှင့်တင်ရန်နှင့် တော်လှန်ရေး အောင်ပွဲကို အမြန်ဆွတ်ခူးနိုင်ရေးကို ရှေးရှုကာ အကွဲအလွဲမရှိ ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အတွက်ပါ” လို့ လဲဆိုသည်။
ကတိသစ္စာပြုခဲ့ကြသော လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များမှာ ကော်သူလေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ၊ Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး၊ KNU/KNLA Peace Council ဗျူဟာမှူး စောဘလို့၊ တပ်ရင်းမှူး ဗိုလ်ကျော်ဂလော၊ KNDO တပ်ရင်းမှူး ဗိုလ်မောင်ချစ်၊ KNU တပ်ရင်း (၁၀၁) တပ်ရင်းမှူး ဗိုလ်ဖိုးဒူ၊ KNU တပ်ရင်း (၁၉) တပ်ရင်းမှူး ဗိုလ်ချာနား၊ BGF တာတို့ဝါး စစ်ကြောင်းတပ်နယ် (၃) တပ်ရင်းမှူး ဗိုလ်ထူးးအယ်မှူး၊ KNU/KNLA Peace Council (၇၇၇) ဒုတပ်ရင်းမှူး ဗိုလ်ဖားအဲ့၊ ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်၊ Cobra Column စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့် ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်၊ နဂါးဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ကလယ်န စသည်တို့ ပါဝင်ကြောင်း သိရသည်။
ယင်းစုပေါင်း သွေးသစ္စာပြုပွဲကနေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော လူမျိုးပေါင်းစုံ၊ ရဟန်းရှင်လူများ အနေနှင့်လည်း ရောက်ရာ နေရာများမှ ရရာလက်နက်၊ ရရာနည်းလမ်းများဖြင့် တိုက်ရိုက်နည်းလမ်းနဲ့ ဖြစ်စေ၊ သွယ်ဝိုက်နည်းလမ်းနှင့် ဖြစ်စေ စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ပူးပေါင်းပေးကြရန်လည်း ကော်သူလေး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။