ကယားပြည်နယ်၊ လွိုင်ကော်-မော်ချီးကားလမ်းပေါ် မြေမြှုပ်မိုင်းထိကာ ပြင်းထန်ဒဏ်ရာရခဲ့သည့် လူငယ်၂ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ရွှေလွိုင်ကော် (ကယား) ပရဟိတ အသင်းထံက သိရသည်။
ဖေဖော်ဝါရီလ ၂ရက်နေ့၊ မွန်းလွဲ ၂နာရီခန့်က လွိုင်ကော်-မော်ချီး ကားလမ်းပေါ်ရှိ ဇရပ်ဖြူရွာလမ်း အကျော်တွင် အမျိုးသား ၆ ဦး လိုက်ပါလာသော ကားတစ်စီး မြေမြှပ်မိုင်းနင်းမိကာ တစ်စစီပေါက်ကွဲသွားခဲ့ရာ အမျိုးသား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။
“ ကောင်လေး နှစ်ယောက်အသက်ရှင်တယ်။ သူတို့ကားမိုင်းထိတော့ သူတို့က မြောင်းထဲရောက်သွားတာလို့ ပြောတယ်။ ကျန်တဲ့လူတွေကတော့ တစ်စစီဖြစ်သွားတာပေါ့။ အခုသူတို့မိသားစုနဲ့ အဆက်အသွယ်ရပြီ။ သူတို့နာမည်လည်းသိရပါပြီ။ သူတို့ မိသားစုတွေဆီသွားပို့ပေးလိုက်ပါပြီ” ဟု ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်း ဒုဥက္ကဌ ကိုအောင်မိုးမြင့် ကပြောသည်။
အသက်ရှင်ကျန်ရစ်ခဲ့သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန်ရွာနှင့် တုံးခေါင်ရွာတို့က အသက် ၂၀နှစ်အရွယ် ကိုတင်ကိုဝင်းနှင့် အသက် ၁၇နှစ်အရွယ် ကိုမျိုးထက်ကျော်တို့ကို ယနေ့ နံနက် ၁၁နာရီခွဲခန့်က အောက်စီဂျင် မပြတ်ပေးကာ လွိုင်ကော်ဆေးရုံကြီးမှ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လူနာတင်ကား ၂စီးဖြင့် ရွှေလွိုင်ကော်(ကယား) ပရဟိတ အသင်း က သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း MPAသို့ ပြောသည်။
“ သူတို့မိသားစုက နေပြည်တော်က စောင့်မယ်ဆိုလို့ အဲ့ကို ပို့ပေးတာပါ။ အသက် ၂၀အရွယ် ကောင်လေးက အခုထိ သတိမရသေးဘူး။ ၁၇နှစ်အရွယ်ကောင်လေးကတော့ သတိရပြီ။ ဒဏ်ရာက အရမ်းကြီးမပြင်းထန်တော့ဘူး စိတ်ချရပါပြီ” ဟု ၎င်းကပြောသည်။
လွိုင်ကော်-မော်ချီး ကားလမ်းမကြီး ၊ဇရပ်ဖြူ-နန်းဟူထွေလမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတို့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး တိုက်ပွဲများငြိမ်သက်နေသဖြင့် ခရီးသွားလာရမှ ယခုလို မိုင်းပေါက်ကွဲခဲ့သောကြောင့် ဖြတ်သန်းသွားလာသူမရှိတော့ကြောင်း ဒေသခံတချို့ထံက သိရသည်။