ဂျပန်နိုင်ငံ၏ ယိုကိုဂါဝါ တံတားဆောက်လုပ်ရေး ကော်ပိုရေးရှင်းသည် ၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) သို့ အမေရိကန်ဒေါ်လာ ၁ သန်းကျော် လွှဲပြောင်းပေးခဲ့သည်ဟု ယနေ့တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch (HRW) က ထုတ်ပြန်အသိပေးသည်။
အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ပြည်သူများအပေါ် စနစ်တကျ ကျူးလွန်နေသည့် လုပ်ရပ်များရှိနေသည့်အတွက် ဂျပန်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမဟုတ်သည့် ထောက်ပံ့မှုများပေးခြင်းကို ရပ်တန့်သင့်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယိုကိုဂါဝါ တံတားဆောက်လုပ်ရေး ကော်ပိုရေးရှင်းအပါအဝင် အခြားသော ဂျပန်ကုမ္ပဏီများသည် မြန်မာစစ်တပ်ပိုင် သို့မဟုတ် ၎င်းတို့ထိန်းချုပ်ထားသော အဖွဲ့အစည်းများနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကို အဆုံးသတ်စေရန် ဂျပန်အစိုးရအနေဖြင့်လည်း လုပ်ဆောင်သင့်သည်ဟု အသိပေးထားသည်။ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသည့် ထိုသို့အကူအညီများကို မလုပ်သင့်ဟုလည်း (HRW) မှ အာရှပရိုဂရမ်အရာရှိ Teppei Kasai က ပြောကြားသည်။
Human Rights Watch အသိပေးချက်တွင် ယိုကိုဂါဝါ တံတားဆောက်လုပ်ရေး ကော်ပိုရေးရှင်းသည် ရန်ကုန်မြို့ရှိ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး ပရောဂျက်အတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအထိ မြန်မာစစ်တပ်ပိုင် MEC ကို အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့် ပေးခဲ့သည်ဟု ဆိုသည်။ အဆိုပါငွေများကို ဂျပန်နိုင်ငံ မီဇူဟိုဘဏ်လီမိတက်မှတဆင့် MEC ၏ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်အကောင့်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ၏ တစိတ်တပိုင်းအဖြစ် ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့သော ပဲခူးမြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်းတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Japan International Cooperation Agency (JICA) ထံမှ ချေးငွေ ယန်း ၃၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄၀ သန်း) ပါဝင်ထားသည်။ ၂၀၁၉ ခုနှစ် မတ်လတွင် ယိုကိုဂါဝါ တံတားဆောက်လုပ်ရေး ကော်ပိုရေးရှင်းသည် ယင်းတံတားတည်ဆောက်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး တံတားတည်ဆောက်မှုကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သလို ယင်းငွေကြေးလွှဲပြောင်းမှုများသည် ပုဂ္ဂလိကကုမ္ပဏီများအကြားတွင် ပြုလုပ်သည့် လုပ်ဆောင်ချက်များဖြစ်သည့်အတွက် ဂျပန်အစိုးရအနေဖြင့် ရှင်းပြနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်သည်ဟု အသိပေးထားသည်။
ဘဏ္ဍာရေးဆိုင်ရာ အပေးအယူများနှင့် ပတ်သက်၍ Human Rights Watch ခွဲခြမ်းစိတ်ဖြာမှုများကို ယိုကိုဂါဝါ တံတားဆောက်လုပ်ရေး ကော်ပိုရေးရှင်းနှင့် မီဇူဟိုဘဏ်ဘက်က မှတ်ချက်ပေးရန် ငြင်းဆိုထားကြသည်။ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂနှင့် ကနေဒါတို့က MEC နှင့် မြန်မာနိုင်ငံ၏ အခြားစစ်ဘက်ဆိုင်ရာ လုပ်ငန်းစုဖြစ်သည့် Myanmar Economic Holdings Limited ကို မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီနေသည်မှာ သိသိသာသာဖြစ်နေသည့်အတွက် ၎င်းတို့ကို ပိတ်ဆို့အရေးယူထားသည်။
Human Rights Watch မှ ယခင် မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ MEC နှင့် ယိုကိုဂါဝါ တံတားဆောက်လုပ်ရေး ကော်ပိုရေးရှင်းတို့သည် တံတားပရောဂျက်မတိုင်မီကတည်းက အဆက်အသွယ်ရှိခဲ့ပြီး နားလည်မှုစာချွန်လွှာများဖြင့် လက်မှတ်ရေးထိုးခဲ့မှုများရှိခဲ့ကြသည်ဟု ဆိုသည်။ ထိုစဉ်က သံမဏိ ထုတ်လုပ်ရေးများအတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်ဆံရေးကို တည်ဆောက်ရန် ရည်ရွယ်ခဲ့ကြသည်ဟု သိရှိရသည်။
မြန်မာစစ်တပ်သည် ကုန်ထုတ်လုပ်မှု၊ သတ္တုတွင်းနှင့် ဆက်သွယ်ရေး အပါအဝင် ကဏ္ဍများတွင် များပြားလှသော ဝင်ငွေများရရှိနေကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၉ ခုနှစ်အစီရင်ခံစာအရ သိရသည်။ အချက်အလက်ရှာဖွေရေး မစ်ရှင်က MEC အပါအဝင် မြန်မာစစ်တပ်နှင့် ၎င်း၏လုပ်ငန်းစုများပါ၀င်သည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှုများနှင့် ဆက်စပ်မှုရှိနိုင်ခြေ မြင့်မားသည်ဟု ကောက်ချက်ချခဲ့သည်။ ယင်းနိုင်ငံခြားကုမ္ပဏီများမှတဆင့် မြန်မာစစ်တပ်၏ ဘဏ္ဍာရေးမှာ တိုးပွားနေခဲ့သည်ဟု အသိပေးခဲ့သည်။