မန္တလေးတိုင်း၊မိုးကုတ်မြို့၊ ကျောက်လိပ်ရွာက ကျောက်မျက်တွင်းတစ်တွင်း ပြိုကျပိတ်မိပြီး လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်လိပ်ကျေးရွာအတွင်းက ကျောက်မျက်တွင်းထဲ ကျောက်မျက်တူးဖော်နေစဉ် ဇန်နဝါရီ ၁၆ရက်နေ့ကကျောက်ခဲပိမိကာ လူငါးဦးပိတ်မိခဲ့ပြီး ညနေပိုင်း၌ တစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။
ကျန်ပိတ်မိသူ လေးဦးကို ည ၁၁နာရီအချိန်တွင် ရှာဖွေနိုင်ခဲ့သော်လည်း သေဆုံးလျက်တွေ့ရှိခဲ့သည်။
“ ပိမိတဲ့ ကျောက်ကအကြီးကြီးပဲ၊ယမ်းတွေနဲ့ပတ်ပတ်လည်ဖောက်ခွဲပြီးဖော်ရတာ၊မဟုတ်ရင်တော့တစ်ညတည်း နဲ့ဘယ်ဖော်နိုင်မလဲ၊တစ်ယောက်ဆိုခေါင်းတောင်ပြန်မပါလာဘူး” လို့ ကျောက်လိပ် ရွာသားတစ်ဦးက ဆိုသည်။
ကျောက်လိပ်ရွာသည်မိုးကုတ်မြို့နှင့် အတော်အတန်ဝေးလှသဖြင့် ကျောက်တွင်းပိမိသူတွေကို ရွာသူရွာသားများကသာဝိုင်းဝန်းကယ်ဆယ်ခဲ့ရကာ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိရန် အလှမ်းဝေးသည့် နေရာဖြစ်သည်။
မိုးကုတ်မြို့တွင် ကျောက်မျက်တွင်းပြိုကျပြီး တွင်းပိသေဆုံးမှုဖြစ်စဥ် မကြာခဏဖြစ်ပေါ်လေ့ရှိသည်။