ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက်တွင် ချိန်ကိုက်ဗုံးတစ်လုံးပေါက်ကွဲမှု ယနေ့နေ့လယ် ၃နာရီ ၁၄မိနစ်က ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ဒဂုံစင်တာဘက်သို့ လမ်းဖြတ်ကူးသည့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့ပြီး လူနာတင်ကားဖြင့် တင်ဆောင်သွားကြောင်း မျက်မြင်တွေ့မြင်ခဲ့သူတစ်ဦးက ပြောသည်။
“ဒဂုံစင်တာ ၂ရှေ့ကနေရာမှာဖြစ်တာ။ ဒီနေ့မိုးရွာလို့ မိုးခိုနေတာ။ ဗုံးက ထပေါက်တာ။ အသံကအရမ်းမကျယ်ဘူး။ ပြင်းအားတော့ သိပ်မရှိတဲ့ပုံပဲ။ မိန်းမကြီးတစ်ယောက်ထိသွားတယ်။ ဆေးရုံကားနဲ့ ခေါ်သွားတယ် ” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကဆိုသည်။
ယင်းဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စမ်းချောင်းမြို့မရဲစခန်းမှ ရဲမီးတန်းကားတစ်စီး၊ DCကားတစ်စီးဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးနေကြောင်း စမ်းချောင်းမြို့မရဲစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးကပြောသည်။
“သူတို့က ကင်းချထားတဲ့ မီးပွိုင့်က စစ်သားတွေကို ရည်ရွယ်ပုံရတယ်။ လက်လုပ်ဗုံးအမျိုးအစားဆိုတော့ PDFဘက်က ဖြစ်ဖို့များတယ် ” ဟု စမ်းချောင်းမြို့မရဲစခန်း၏ အမည်မဖော်လိုသူရဲတစ်ဦးက ပြောသည်။
လူအများသွားလာသည့် အခါကြီးရက်ကြီးဖြစ်သောကြောင့် လူအများထိခိုက်နိုင်သဖြင့် မြေအောက်တော်လှန်ရေးအဖွဲ့များမှ ဖောက်ခွဲမှုကို လုပ်ဆောင်ဖွယ်မရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ PDFများအပေါ် အပုပ်ချရန် ရည်ရွယ်သည့် ခြောက်လှန့်ဗုံးမျိုးဖြစ်နိုင်ကြောင်း လှိုင်မြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးမှ ပြောသည်။
“လူအများထိခိုက်နိုင်တဲ့ရက်မျိုးဖြစ်တဲ့အတွက် မလုပ်လောက်ဘူးထင်တယ်ပေါ့။ သူတို့ဘက်က ဂွင်ဖန်တီးတာမျိုးဖြစ်နိုင်တယ်။ အဲ့နားမှာ စစ်သားကင်းရှိတော့ ဒီဘက်က မဟုတ်ဘူးလို့လည်း ယတိပြတ်ပြောလို့မရဘူး ” ဟု လှိုင်မြို့နယ်မြေအောက်တော်လှန်ရေးအဖွဲ့ တစ်ခု၏ ခေါင်းဆောင်တစ်ဦးမှ ပြောသည်။
လက်ရှိတွင် DCစစ်ကားတစ်စီး၊ လူနာတင်ယာဉ်နှစ်စီးဖြင့် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကြီးတစ်ဦးကို ပြည်လမ်းပေါ်မှ ဟံသာဝတီအဝိုင်းဘက်သို့ ဦးတည် သယ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။