ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ‘ဇ’ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၂၅ ရက်၊ ညပိုင်းကတွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီလမ်း၊ ဇ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ည ၈ နာရီခန့်က ပြင်းထန်သည့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။
“ ကျွန်တော်တို့ နားမှာပေါက်တာ။ ပေါက်ကွဲတာက တော်တော်ပြင်းတယ်ထင်တယ်။ အိမ်ပါတုန်တယ်” ဟု ဇ ရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါရပ်ကွက်ရုံးကို မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
“ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ အားပြင်းတဲ့ မိုင်း ၃ လုံးနဲ့ ခွဲခဲ့တာပါ။ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို စခ၊ ရခ (စကစ) နဲ့ပေါင်းပြီး ဖမ်းဆီးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကိုလဲ ဆက်လက်တိုက်ခိုက်သွားပါမယ် ” ဟု မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို မြို့နယ်သတင်းကွန်ရက် North Okkalapa Information က ဖော်ပြသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေဓာဝီလမ်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်များအတွင်း အစစ်အဆေးတင်းကျပ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို မသိရှိရသေးကြောင်း သိရသည်။
“ ပေါက်ကွဲတာ တော်တော်ကျယ်တယ်။ လူနာတင်ကားသံတော့ မကြားရဘူး။ လူထိမထိမသိပါဘူး။ ခုနက စကစတွေ လမ်းပိတ်စစ်နေတာတွေ လုပ်တယ်။” ဟု မြောက်ဥက္ကလာပမြို့ခံတစ်ဦးက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် မြောက်ဥက္ကလာပမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အားကောင်းခဲ့သည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များအား တော်လှန်ရေးရဲဘော်များက မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်တတ်သည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။