ကချင်ပြည်နယ်၊ ဝိုင်းမော်၊ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများရှိနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၃ရက် နံနက်ပိုင်းမှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ဝိုင်းမော်မြို့နယ်၊ ဂဂမ်တောင်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ၀ိုင်းမော်မြို့ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
“ စခန်းကတော့ တပ်စခန်းကြီး၊ မနက်ကတည်းက သိမ်းနေတာ၊ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေရတယ်” ဟု ဝိုင်းမော်မြို့ ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ မတ်လမှစတင်ကာ မိုးမောက်မြို့နယ်အတွင်း KIA နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထို့ကြောင့် ဒေသခံများက မြို့ကိုစွန့်ခွာကာ စစ်ရှောင်နေကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ နေအိမ်များတွင် ဝင်ရောက်တပ်စွဲကာ ပစ္စည်းများ ယူဆောင်နေခြင်းများရှိကြောင်း၂၀၂၄ခုနှစ်၊ မေ ၃ရက်တွင် မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။
“ မြို့ထဲ လက်နက်ကြီးတွေကျတော့ စစ်ရှောင်ကြရတာ အခုထိပဲ၊ အဲ့ဒါကို စစ်တပ်က မြို့ထဲနေရာဝင်ယူပြီး ပစ္စည်းတွေအကုန် သယ်ထုတ်နေကြတာ” ဟု ၎င်းက MPA သို့ ပြောသည်။
ယင်းအပြင် ၂၀၂၄ခုနှစ်၊ မေ ၂ရက်က မံစီမြို့နယ်နှင့် အနီးနားရှိ ကျေးရွာများမှ အရပ်သားပြည်သူများကို KIA နှင့် စစ်ကောင်စီတပ်တို့က ရွှေ့ပြောင်းခိုင်းထားပြီး နှစ်ဘက်စစ်ရေးတင်းမာမှုများရှိနေသည်ဟု KIA သတင်းရင်းမြစ်ထံမှ သိရသည်။
“ မံစီမြို့မှာ ခမရ ၃၁၉အပြင် ရဲစခန်းပါ ကျန်ရှိနေသေးတဲ့အတွက် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်သွားနိုင်တယ်။ အဲ့ဒီအတွက် အရပ်သားတွေမထိခိုက်အောင် ရွှေ့ပြောင်းခိုင်းထားတာ” ဟု ၎င်းက ပြောသည်။
အလားတူ ဗန်မော်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းလျက်ရှိပြီး မြိုနေဒေသခံများကိုလည်း စစ်ဆေးမှုများ တင်းကျပ်လျက်ရှိသည်ဟု ဗန်မော်မြို့ဒေသခံတစ်ဦးက ဆိုသည်။
” ဗန်မော်မြို့ထဲမှာတော့ စစ်တပ်က အင်အားတွေဖြည့်ထားတယ်။ အနီးနားက ရွာနားမှာလည်း KIAနဲ့PDF တွေရှိတယ်။စစ်ရေးကတော့ တင်းမာနေတဲ့သဘောပေါ့၊ တိုက်တော့ မတိုက်ကြသေးဘူး “ ဟု ပြောသည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းကြီးများကို KIA က တိုက်ခိုက် သိမ်းပိုက်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း မြို့များ အသိမ်းမခံစေရေးအတွက် ခံစစ်ပြင်ကာ အင်အားဖြည့်တင်းလျက်ရှိသည်။