ခင်ဦးပြည်သူများအနေနှင့် စစ်ကောင်စီစစ်ကြောင်းနှင့် အနည်းဆုံး ၅ မိုင် အကွာအဝေးအထိ တိမ်းရှောင်နေကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန် သတိပေးလိုက်သည်။
စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ကြောင်း ထိုးနေပြီး ယနေ့နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်း(ဗျူဟာလမ်းပိုင်း) အရှေ့ဘက်၊ ခင်ဦးနယ် အရှေ့မြောက်ခြမ်း ရှိယောက်သွာအိုင်ကျေးရွာ သို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်သွားကြောင်း သိရသည်။
“သာမန်ပြည်သူမပြောနဲ့၊ သက်ကြီးရွယ်အို သီလရှင်ပါမချန်ဘူး၊ တွေ့တာနဲ့ သတ်ဖြတ်မီးရှို့နေလို့ အခုလိုအနည်းဆုံး ၅ မိုင် အကွာထိရှောင်နေဖို့ သတိပေးတာလို့ထင်တယ်”ဟု ခင်ဦးစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
ယောက်သွားအိုင်ရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာခြင်းကြောင့် ယောက်သွားအိုင်ရွာသားများအပြင် အနီးဝန်ကျင်ရှိ အလယ်ရှို၊ ကုလားလူး၊ ရှားလွင် စသည့်ကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
“အခုအချိန်ထိ ယောက်သွားအိုင်ကို မီးရှို့တယ်လို့တော့ မကြားသေးဘူး။ မီးမရှို့လည်း အနည်းဆုံးတော့ ရွာကအိမ်ကောင်းတွေထဲဝင်ဖောက်ပြီးပစ္စည်းတော့ဝင်လုမှာပဲ။ အခုက ခင်ဦးတနယ်လုံး ပြေးနေရတာတောက်လျှောက်ပဲ”ဟု၎င်းကပြောသည်။
ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် အောင်ချမ်းသာရွာထဲ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းကြောင့် အနီးဝန်းကျင်ရှိ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ကုန်းသာ၊ မရမ်းအင်းနှင့် အင်းပတ်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသလို ကန့်ဘလူနယ် သကြားစက် ရောက်ရှိနေသောစစ်သားများ၊ ခင်ဦးမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးသို့ရောက်ရှိလာ၍ အနီးဝန်းကျင်ရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်ရှောင် ဦးရေ အလွန်များလာသည့်အတွက် စားစရာနှင့်နေစရာ များစွာဒုက္ခရောက်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ လက်ပံလှရွာကို ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ဝင်ရောက်မီးရှို့ခဲ့ရာ အသက် ၇၀ အရွယ်ရှိ သီလရှင်ဆရာလေးအား နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခံထားရသည်ကိုတွေ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး ကထုတ်ပြန်သည်။
“ဆရာလေးက အသက်ကြီးလို့ မပြေးလွှားနိုင်တာရော သီလရှင်ဆိုတော့ မသတ်လောက်ဘူးလို့ တွက်ပြီးကျန်ခဲ့တာ။မနေ့ကမှ စစ်ကြောင်းထိုးနေတဲ့ကောင်တွေ မြို့ပေါ်ပြန်တက်သွားပြီဆိုတာနဲ့ ရွာ ထဲဝင်ကြတော့ မီးရှို့ခံထားရတာ တွေ့ရတာ”ဟု ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်ကူညီနေသူက ပြောသည်။
လက်ပံလှရွာက ပြည်သူပိုင်နေအိမ် ၂၅၀ ကျော်ကို စစ်တပ်က မီးလောင်ဗုံးနှင့် ရေနံဆီမီးစာများသုံးကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး ကဆိုသည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့အထိ ကျေးရွာပေါင်း ၆၆ ရွာကနေအိမ် ၄၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။