By Nadi Shweyi / MPA
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ ရုပ်ရှင်ပြပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ယနေ့ကျင်းပခဲ့သည်။
ယနေ့ (ဇွန်လ ၁၉ ရက်)တွင် ကျရောက်သည့်ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် “နေသာတဲ့နေ့” မြန်မာ့နွေဦးတော်လှန်ရေး ရုပ်ရှင်ကို ပြသခဲ့ကြခြင်းဖြစ်သည်။
“ ဒေါ်စုလိုချင်တာ တန်ဖိုးကြီးတဲ့ ပစ္စည်းလက်ဆောင်တွေမဟုတ်ဘူး။ ဒီမိုကရေစီအရေး၊ တရားမျှတမှုအရေး၊ မျိုးဆက်သစ်တို့ရဲ့ အနာဂတ်အရေးတို့မှာ ပြည်သူတွေ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ပါဝင်ခြင်းကသာလျှင် ဒေါ်အောင်ဆန်းစုကြည်အလိုရှိတဲ့ မွေးနေ့လက်ဆောင်ပါ” ဟု ဆရာတော် ဦးအဂ္ဂ(New Delhi, general secretary, နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်)က မွေးနေ့အမှတ်တရ စကားပြောကြားရာတွင် မိန့်ကြားခဲ့သည်။
ရုပ်ရှင်ပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် ၊ NUG အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် ဆရာအိုက်ဇက်ခင်၊ ဆရာတော် ဦးအဂ္ဂ နှင့် ၈၈ ကျောင်းသားဟောင်း ဦးညိုထွန်းတို့က မွေးနေ့အမှတ်တရစကားများ ပြောကြားခဲ့သည်။
ထို့အပြင် “ ခွန်အားဖြည့်မိငယ်” သီချင်းအပါအဝင် အခြားသော သီချင်းများကိုလည်း ဂုဏ်ပြုသီဆိုခဲ့ကြသည်။
နယူးဒေလီအခြေစိုက် NUG နိုင်ငံခြားရေးရုံး၏ ဦးဆောင်မှုဖြင့် ပြုလုပ်သော အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့ပွဲကို နယူးဒေလီမြို့သို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားအယောက် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရ ရုပ်ရှင်ပြပွဲကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊အိုင်ဇောလ်မြို့ ၊Chanmari YMA ခန်းမတွင် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က ကျင်းပခဲ့ကြသေးသည်။
စစ်ကောင်စီ၏ မတရားဖမ်းဆီးအကျဉ်းချခြင်းခံနေရခြင်းကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သည့် မွေးနေ့အကြိုနှင့် မွေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုများကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံအချို့တွင်ပါ ကျင်းပခဲ့ကြသည်။
![](https://mpapress.com/wp-content/uploads/2024/06/448545838_1027515125404542_1324076054168702156_n-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/06/448547284_1027515085404546_1405277470239679809_n-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/06/448721092_1027515072071214_1745561095790569056_n-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/06/448721591_1027515078737880_7789362911539236499_n-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/06/448725564_1027515045404550_7253235775646919289_n-1024x768.jpg)
![](https://mpapress.com/wp-content/uploads/2024/06/448802466_1027515032071218_5960576490212438457_n-1024x768.jpg)