ယနေ့ မေလ ၃ ရက်နေ့တွင် အကျဉ်းထောင် အသီးသီးမှ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ယင်းလွတ်မြောက်လာသူများထဲတွင် သတင်းထောက် အချို့လည်း ပါဝင်ကြောင်း သိရသည်။
ယနေ့ နေ့လည် ၃ နာရီ ၄၀ ကျော် အချိန်ထိ နီးစပ်ရာ မိသားစု မိတ်ဆွေများကို စုံစမ်းအတည်ပြုချက် အရ သတင်းထောက်များ ဖြစ်ကြသည့် မော်ကွန်းမဂ္ဂဇင်းမှ သတင်းထောက် ကိုကျော်ဇေယျ၊ Mizzima သတင်းထောက် မငြိမ်းငြိမ်းအေး (ခေါ်) မမေဘယ်၊ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်၊ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်း၊ Film Director and Producer မအိမ့် တို့ ပြန်လည် လွတ်မြောက်လာကြောင်း သတင်းများ အရ စုံစမ်းသိရသည်။
မေဘယ်ကတော့ ပြန်လွတ်ပြီလို့ ဆက်သွယ်လာပါတယ်။ ကျမတို့ ကြိုမသိရတော့ သူ့ကို သွားမကြိုလိုက်ရဘူး။ အခု သူ့မိတ်ဆွေကားနဲ့ ပြန်လာတယ်လို့ ပြောတယ်။ ကျမတို့လည်း သူနဲ့ တွေ့ဖို့ အိမ်မှာ စောင့်နေပါတယ်။ ဟု မငြိမ်းငြိမ်းအေး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း သပိတ်ကို စစ်ကောင်စီဘက်မှ ကားနှင့်တိုက် ဖြိုခွင့်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အဖမ်းခံခဲ့ရသည့် MPA သတင်းထောက် ကိုကောင်းဆက်လင်းမှာ ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရပြီး ယနေ့ လွတ်မြောက်မှုတွင် မပါဝင်လာကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးမှ သိရသည်။
ကိုကောင်းဆက်လင်း အဖေက ပြောတာတော့ မလွတ်သေးဘူးတဲ့။ သူပြောပုံအရ ကိုကောင်းဆက်လင်း မလွတ်ဘူးဆိုတာ သိနေသလိုပဲ။ ဒီနေ့က ကိုကောင်းဆက်လင်းရဲ့ အမေ မြေချမှာလေ။ ဟု နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။
ယနေ့ ၅၀၅ -က ဖြင့် ပြစ်ဒဏ်ကျခံရမှုမှ လွတ်မြောက်လာသူများထဲတွင် လွတ်ရက် တနှစ်အောက် ကျန်သူများကိုသာ ရွေးချယ်လွတ်ပေးခဲ့တာ ဖြစ်ကြောင်း လွတ်မြောက်လာသူတစ်ဦးမှ အတည်ပြုပြောကြားသည်။
အမတို့ကို ဒီနေ့ သာယာဝတီထောင်ကနေ လွတ်ပေးလိုက်တဲ့ အထဲမှာ လွတ်ရက် တနှစ်အောက် နီးတဲ့သူတွေပဲ ပါတယ်။ လွတ်ရက်က တစ်နှစ်နဲ့ တရက် ကျန်တဲ့သူလဲ လွှတ်တဲ့အထဲ မပါဘူး။ နောက်ပြီး မာရှယ်လော နယ်မြေက ၅၀၅-က နဲ့ ပြစ်ဒဏ်ချခံနေရသူတွေလဲ ကျန်ခဲ့တာ တွေ့ရတယ်။ ဟု ယနေ့ သာယာဝတီထောင်မှ လွတ်မြောက်လာသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ယခုလို ပြောကြားခဲ့သည်။
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က အရ ပြစ်ဒဏ်ကျခံလျက် ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အရ ခံဝန်ကတိလက်မှတ်ထိုးကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ယနေ့ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သည်။