စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊ကိုးတောင်ဘို့တိုက်နယ်သို့ ချီလာသော စစ်ကောင်စီ တပ်ကို ဒေသခံPDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀၀ ကျော်သေဆုံးပြီး သေနတ် အလက် ၆၀ သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် အထိုင်စခန်းမှ ထွက် လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကိုယနေ့( နိုဝင်ဘာ ၁၀ ရက်) နံနက် ၅နာရီ ခန့်မှ စ၍ PDF ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၀နာရီခန့်၌ တိုက်ပွဲပြီးဆုံး ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများ ဖော်ပြနေသော Infinity Group ထံက သိရသည်။
” ၇ ရက်နေ့ကနေ စထွက်တဲ့ စစ်ကြောင်းပါ။ ၁၀ ရက်နေ့မှ ထိတွေ့မှုဖြစ်တာပါ ။ စစ်သားတွေဘက်က ၅၀ လောက်အရှင်ဖမ်းမိထားတယ်လို့လည်း ကြားတယ်ဗျ။ ၁၀၀ ကျော်သေသွားတယ်ဆိုတာကို မြေပြင်သတင်းရင်းမြစ်ကနေပြီးတော့ မျက်မြင်တွေ့တာပါ ။သူတို့ဘက်က လေယာဥ်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ နောက်ပြန်ဆုတ်ခဲ့တယ်လို့လည်း ကြားတယ်ဗျ” ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင်တပ်ရင်း-၂ နှင့် တပ်ရင်း-၃ တို့ ဦးဆောင်ကာ ဒေသခံ တပ်ဖွဲ့များနှင့် စုစည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” တစ်စုတစ်စည်းထဲ အဖွဲ့လေးတွေ အုပ်စုဆီ နေရာလေး ခွဲ ပြီး တိုက်တာပါ။စစ်တပ်ဘက်က လက်နက်ချပြီး ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ ပြန်ခုခံတဲ့သူတွေထဲက ၁၀၀ ကျော်သေတာပါ” ဟုကန့်ဘလူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ နေရာများသို့ ရောက်ရှိနေသဖြင့် ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် အထိနာခဲ့သော စစ်ကောင်စီတပ်အခြေအနေအရ ဒေသခံများအနေနှင့် လေ ကြောင်းအန္တရာယ်ကို သတိထားသင့်ကြောင်း PDF တပ်ဖွဲ့ဝင်များက သတိပေးထားကြောင်း Infinity Group ကဆိုသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။