စစ်ကောင်စီလက်အောက်ခံ တပ်မ-၇၇ သည် KNU – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ(၃)၊ လယ်ဒိုမြို့နယ်ရှိ ပေတူး၊ စပ်လဲကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာများရရှိနေသည်ဟု သိရှိရသည်။
လက်ရှိတွင် ပေတူးကျေးရွာနှင့် စပ်လဲကျေးရွာမှ ပြည်သူလူထုများအနေဖြင့် အသက်ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ မှ (၅) ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ တပ်မ-၇၇ သည် ကျောက်ကြီးမြို့ရှိ ဆင်မတောင်၊ ခြေတော်ရံနှင့် ဆိပ်ကြီးမှနေ၍ KNU – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ လယ်ဒိုမြို့နယ်ရှိ ပေတူး၊ စပ်လဲကျေးရွာတွင်းသို့ လက်နက်ကြီး (၁၀) လုံးကျော်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်(၁၁) နှစ်နှင့် (၁၃) နှစ် အရွယ် ကလေး (၂) ဦး အပါအဝင် ဒေသခံပြည်သးစုစုပေါင်း (၅) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်) ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများသည် စပ်လဲကျေးရွာမှ ဒေသခံပြည်သူများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ တာဝန်ရှိသူများမှ လိုအပ်သည့် ဆေးကုသမှုများ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သိရသည်။
ထိုသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေတူးကျေးရွာနှင့် စပ်လဲကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများဖြစ်သော လော်မူသော ကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရပြီး ဒေသခံပြည်သူ စုစုပေါင်း (၁၀၅၆) ဦး စစ်ဘေးရှောင်နေကြရကြောင်း KNU − ဗဟို၏ စာရင်းကောက်ယူထားချက်များအရ သိရသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ တပ်မ-၇၇ သည် မတ်လ (၃၀) ရက်နေ့တွင်လည်း KNU – လယ်ဒိုမြို့နယ်ရှိ နရွဲပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာနေပြည်သူများကို
“ PDF အင်အားဘယ်လောက်ရှိလဲ။ PDF တွေက KNU/KNLA နဲ့ပူးပေါင်းလုပ်ကိုင်သလား။ ဗောဓီကုန်းကျေးရွာနှင့် စပ်လဲကျေးရွာတွင် PDF နှင့် KNLAတပ်ဖွဲ့များရှိသလား၊ ဘုရားလေးကုန်းတွင် တပ်များရှိသလား”
စသည့်မေးခွန်းများကို စစ်ကောင်စီတပ်များက မေးမြန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာနေပြည်သူများ၏ ပစ္စည်းဥစ္စာများကိုဖျက်စီးခဲ့ကာ ကြို့ကုန်းကျေးရွာမှ ကလေးသူငယ်၊ လူကြီးနှင့် ဒေသခံ စုစုပေါင်း (၁၀) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ဧပြီလ (၃) ရက်၊ ညပိုင်းတွင် ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ (၁၀) ဦးအနက် (၉) ဦးကို ပြန်လွတ်ပေးခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် ဦးစိန်မြိုင်ကို ညောင်တန်းကျေးရွာအထိ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဧပြီလ (၄) ရက်၊ နံနက်(၅) နာရီအချိန်တွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ညောင်တန်းကျေးရွာမှ ကျောက်ကြီးမြို့သို့ ပြန်သွားချိန်တွင် ဒေသခံတစ်ဦးကို ခေါင်းစွပ်ကာ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း KNU−ဗဟိုက ထုတ်ပြန်အသိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် နေ့စဉ်နှင့်အမျှ အပြစ်မဲ့ ပြည်လူသူလူထုများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ၏ အိုးအိမ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း စသည့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။