စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်ရှိ အင်းလယ်ကြီးရွာကို ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ် အချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်တို့ ပေါင်းကာ လက်နက်ကြီးများ ပစ်ခတ်အသုံးပြုပြီး ဒုတိယအကြိမ် ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) မှ သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် ဧပြီလ ၂ ရက်နေ့တွင်လည်း ဉာဏ်အင်းရွာကို ဒုတိယအကြိမ် ဝင်ရောက်ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၄၆ လုံးအထိ ပျက်စီးသွားသလို ဧပြီလ ၃ ရက်နေ့ညနေပိုင်းတွင်လည်း အင်းလယ်ရွာကို အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်မှ အင်းလယ်ကြီးရွာကို ပထမအကြိမ် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးစဉ်က အိမ်ခြေပေါင်း ၁၃၆ လုံး ပျက်စီးခဲ့ရပြီး ယခု ဒုတိယအကြိမ် ပျက်စီးဆုံးရှုံးမှုစာရင်းအတွက် ဆက်လက်စုံစမ်းနေပြီး လက်ရှိတွင် အိမ်များဖျက်ဆီးခံရသည့်ရွာမှ ပြည်သူများအနေဖြင့် စစ်ရှောင်နေရသလို စားနှပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) မှ သိရသည်။