ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိရွာများသို့ စစ်တပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေသဖြင့် ဒေသခံထောင်ချီထွက်ပြေးနေရကြောင်းသိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း ယနေ့မတ်လ ၂၈ရက်နေ့၊ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်လျက် ရှိသော်လည်း စစ်ကောင်စီဘက်က ဒေသခံများနေထိုင်သည့် ကျေးရွာများသို့ လက်နက် ကြီး ပစ်ခတ်မှုများရှိနေကြောင်း ကျားဖြူစစ်ကြောင်း တပ်ရင်းရုံး လုံခြုံရေးတပ်ခွဲတွင် တာ၀န်ထမ်းဆောင်လျက်ရှိသော Southern Eagle PDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကော့ကရိတ်ကတော့ငြိမ်ထားတယ်ဗျ။ စကစဘက်က လက်နက်ကြီးကတော့ ပစ်နေတာပေါ့။တောက် လျှောက်မဟုတ်ပေမယ့် ပစ်နေတုန်းပါပဲ ” ဟု ၎င်းကပြောသည်။ ကော့ကရိတ်မြို့တွင်းရှိ ပြည်သူအချို့မှာလည်း ရွာနီးချုပ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ရွာ၊ကြောင်သျှာကုန်းရွာနှင့် ပျားပင်ရွာများဘက်သို့ လက်နက်ကြီး ဖြင့်ပစ်ခတ်လျက်ရှိသည်။
“ ရန်ကုတ်၊ ကြောင်သျှာကုန်း ၊ပျားပင် စတဲ့ရွာတွေကတော့ လက်နက်ကြီးဒဏ်ခံနေရတာပေါ့။ စစ်ဘေးရှောင်ကတော့ ထောင်ဂဏန်းပဲပြောရမယ်။ ရွာတွေမှာတော့ ရွာသားတွေ နည်းသွားတာပေါ့ဗျာ။ တိုက်ပွဲတွေကတော့ သတင်းမထုတ်ပြန်ပေမယ့် ခပ်စိတ်စိတ်ဖြစ်နေတာပါပဲ။ ကျွန်တော်တို့အနေနဲ့တော့ ကျားဖြူစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှုအတိုင်း သွားနေတယ်။ ကေကာ့ကရိတ်မှာ တိုက်ပွဲက မတ်လ၂၁၊၂၂လောက်ကတည်းကစတယ်။ တောက်လျှောက်ပဲ။စကစ ကိုကျွန်တော်တို့ဖိအားပေးတိုက်ကွက်ဖော်နေတာ။အခုတော့ ခဏငြိမ်နေတယ်ပြောလို့ရတယ်။ တိုက်ပွဲတွေက မရပ်နားထားပါဘူး။ ငြိမ်တယ်လှုပ်တယ်ဆိုတာပဲရှိပါတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဝင်နေသည့် ကရင်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များအား ပြည်သူများအနေဖြင့် တတ်စွမ်းသမျှကူညီပေးကြရန်လည်း ၎င်းကဆက်လက်ပြောသည်။