ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ၂၀၀၀ ကျော်စစ်ဘေးရှောင်နေရကြောင်း ဒေသတွင်း ပကဖ ရဲဘော်တစ်ဦးက ပြောသည်။
မတ်လ ၁၅ ရက်နေ့ တွင် စစ်တောင်းတံတား အနီး နတ်သံကွင်းရွာမှ ပစ်လိုက်သည့် လက်နက်ကြီးသည် ကညင်ကြိုးနှင့် နတ္တလင်းရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၂ ဦး ကျည်စထိမှန်ကာ နေအိမ် ၂လုံးအပါအဝင် ထွန်စက် ၁ စီးပျက်စီးခဲ့သည်။
“မတ်လ ၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ။ စစ်တောင်းမြစ်ကမ်းနဖူးရွာဘက်တွေကို စစ်တောင်းတံတား နတ်သံကွင်း ကနေ လက်နက်ကြီးနဲ့ပစ်နေတာ ခဏခဏပဲ။မြစ်ကမ်းနဖူးမှာ ရှိတဲ့ ရွာတွေကိုပစ်နေတာဆိုတော့ ရွာသားတွေလည်း ဘေးလွတ်ရာကို ပြေးနေကြသူတွေလည်းရှိတယ်။ တချို့ကတော့ ဗုံးခိုကျင်းရှိတော့ ဗုံးခိုကျင်းထဲ ပုန်းနေကြသူတွေလည်း ရှိတယ်။ စစ်တပ်က KNLA နဲ့ တိုက်ပွဲဖြစ်တာ စစ်သား ၅ ဦးသေတယ်။အဲ့နေ့ကတည်းက လက်နက်ကြီးနဲ့ ရွာတွေကို ပစ်တော့တာပဲ”ဟု ၎င်းကဆိုသည်။
မတ်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ KNLA နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွားများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။
နတ်သံကွင်းရွာအနီးရှိ စစ်တောင်းတံတားသည် ကျောက်ကြီးဘက်သို့ စစ်ကူနှင့်ရိက္ခာ ပို့ဆောင်သည့် အဓိက တံတားလည်းဖြစ်သည်။
စစ်ကောင်စီတပ်သည် စစ်တောင်းကမ်းနဖူးရှိရွာများကို ရမ်းသမ်းပစ်ခတ်နေသောကြောင့် နတ္တလင်း၊ကညင်ကြိုး၊လှေတန်း၊ဟင်္သာဝဲနှင့်ကျွန်းကြီး ရွာများက ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှာင်နေရကြောင်းသိရသည်။