စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ရွာပေါင်း၅၀ခန့်က ဒေသခံများ စစ်ကြောင်း ရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
မတ်လ ၁၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေခြင်းကြောင့် ဒေသခံများမှာ စစ်ကြောင်းလွတ်ရာနေရာများသို့ တိမ်းရှောင်ကာဖြစ်သလို ရပ်တည်နေကြရကြောင်း ဒေသတွင်း PDF ရဲဘော်တစ်ဦးကပြောသည်။
“ရွာပေါင်း ၅၀ လောက်က စစ်ရှောင်နေရတာ။ ဒီနေ့လည်း စစ်ကြောင်းတွေ ခြေရှုပ်နေတာပဲ။ ကျနော်တို့တွေတာင် ရှောင်တိမ်းပြီးသွားနေရတာ။ စစ်ရှောင်အရေအတွက်က ပြောဖို့ခက်တယ်ဗျ။ ကျနော်တို့လည်း စာရင်းကောက်မထားနိုင်ဘူး။ အဲ့ဒီ စစ်ကြောင်း အမည်က ဘီလူးစစ်ကြောင်း။ မြင်းမူမှာ အစုလိုက် အပြုံလိုက် လူသတ်ခဲ့တဲ့ စစ်ကြောင်း။ ဒီနေ့လည်း ဘယ်ကိုစစ်ကြောင်းထိုးနေဦးမလဲ မသိဘူး”ဟု ၎င်းက ပြောသည်။
မတ်လ ၁၄ ရက်နေ့တွင် နေပူကုန်းရွာသို့ ရောက်ရှိနေသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်၏ ဘီလူးစစ်ကြောင်း သည် ဘုန်းကောင်းရွာဘက်သို့ ၆၀ မမ များဖြင့်ပစ်ခတ်ဝင်ရောက်လာပြီး စစ်ရှောင်နေသော အဘိုးအို တစ်ဦး ကိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။
အဆိုပါဘီလူးစစ်ကြောင်းသည် မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာရှိ ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့်စစ်ကြောင်း ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့က စပြီး မြောင်မြို့နယ်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။