စစ်ကောင်စီအနေနှင့် နေပြည်တာ်တွင်ပင် လုံခြုံရာ ရှာမရနိုင်ဘူးဆိုသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီးက ကြုံးဝါးလိုက်သည်။
ရေဒီယို NUG မှ နေ၍ PDF ရဲဘော်များသို့ ယနေ့ မိန့်ခွန်းပြောကြားရာတွင် NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ယင်းသို့ ကြုံးဝါးခဲ့ခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီလအတွင်း စစ်တိုင်းနှင့် စစ်ဒေသ၃ခုစလုံးက PDF တပ်ရင်းများ၊ ပကဖများနှင့် LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် (၇၀) တိတိ ဖော်ဆောင် နိုင်ခဲ့ကြောင်း တိုက်ပွဲဖော်ဆောင်ရာ ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့်နေပြည်တော်တို့ ဖြစ်ပြီး တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ပွဲ ကို၂၄နာရီအတွင်း တစ်ပြိုင်တည်း ဟန်ချက်ညီ ဖော်ဆောင်နိုင်ခဲ့ကြကြောင်း ဦးရည်မွန်ကပြောသည်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတော့ PDF တပ်မတော်အတွက် ဂုဏ်ယူစရာလတစ်လ ဖြစ်ခဲ့တယ်”ဟု ၎င်းကပြောသည်။
ယင်းစစ်ဆင်ရေးတို့၏ပစ်မှတ်များမှာ ရန်သူ့လေတပ်စခန်း(၂)ခုနှင့်ရဟတ်ယာဥ်ကွင်း (၁)ခု၊ ကပစစက်ရုံ (၃)ခု၊ တိုင်းစစ်ဌာနချုပ် (၁)ခုနှင့် တပ်မဌာနချုပ် (၁)ခု၊ ရန်သူ့အထိုင်နှင့် နောက်တန်းစခန်း (၂၆)ခု၊ ရဲစခန်း (၉)ခု၊ ရန်သူ့စစ်ကြောင်း (၂)ခုနှင့် ပျုစောထီးစခန်း (၁၅)ခုတို့ ဖြစ်သည်။
ပြည်နယ်များတွင်လည်း မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်များ လက်တွဲပြီး မြို့ပြစစ်ဆင်မှု နှင့်စခန်းသိမ်းစစ်ဆင်မှုများ ဟန်ချက်ညီဆောင်ရွက်ခဲ့ကြကြောင်း လည်း ၎င်းကပြောသည်။
“ဒီလို Coordinated Attacks ဖော်ဆောင်နိုင်ခြင်းဟာ PDF တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် နောက်တဆင့် တိုးတက်လာမှုကို ဖော်ပြတဲ့ ပြယုဂ်ဖြစ်တယ်။ ဒါဟာ Chain of Command ပိုကောင်းအောင် တည်ဆောက်နိုင်မှုနဲ့ လက်နက်တိုးမြှင့်တပ်ဆင်နိုင်မှုရဲ့ ရလဒ်လို့လည်း ဆိုနိုင်တယ်။ ဒီစစ်ဆင်မှုက အကြမ်းဖက်စစ်ကောင်စီကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ အထိနာစေခဲ့သလို PDF တပ်မတော် ကိုလည်း အဆုံးအဖြတ်နဲ့အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲဖို့ ယုံကြည်မှု ပိုပြီး တိုးပွားစေခဲ့တယ်လို့ ငါတို့ နားလည်တယ်။ ဒီလို ဟန်ချက်ညီ ဗျုဟာမြောက်စစ်ဆင်မှုကို ရှေ့မှာလည်း အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားဖို့ ရှိလိမ့်မယ်”ဟုကာကွယ်ရေးဝန်ကြီး ကပြောသည်။
တိုက်ပွဲဝင်နိုင်စွမ်း အားနည်းနေသေးသည့် ဒေသများမှ ရဲဘော်များကလည်း အင်အားတည်ဆောက်မှု တိုးချဲ့ပြီး လုပ်ဆောင်နေကြသလို ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့်လည်း လိုအပ်သည့်ထောက်ပံ့မှု၊ တပ်ဆင်မှုများ ဆက်တိုက်ဆောင်ရွက်နေကြောင်း သိရသည်။
“ငါတို့ရဲ့မဟာဗျုဟာက ကွက်ပြည့်နင်းတဲ့ဗျုဟာ ဖြစ်တယ်။ ပြည်သူထောက်ခံတဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံး အကြားအလပ်မရှိ အင်အားတည်ဆောက်ပြီး အကြားအလပ်မရှိ တိုက်ပွဲဝင် ကြဖို့ဖြစ်တယ်။ ဒါသည်ပင် နွေဦးပြည်သူ့တော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်း ဖြစ်တယ်”ဟု ဦးရည်မွန်ကဆက်လက်ပြောသည်။
မကြာမီ ပြည်သူ့တော်လှန်ရေးမဟာဗျုဟာအတိုင်း ပိုပြီး ကွက်ပြည့်နင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်းဆိုသည်။