စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးဟောင်းတွင် တပ်စွဲပြီး ဂိတ်ချစစ်ဆေးနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ Tiktok ဆော့နေသော စစ်သား၂ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၇ ရက် ၊မွန်းလွဲ၃ နာရီခန့်တွင် မုံရွာတောင်၊ညောင်ပင်စောက်ရပ်ကွက်ရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေး ရုံးရှေ့ တွင် ဂိတ်ချစစ်ဆေးနေသော အင်အား ၁၀ ဦးခန့်ရှိသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို Golden Eagle Force -Monywa က ၄၀ မမ ဖြင့် ၁၀ ချက်ပစ်ခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီရုံးမှာတပ်စွဲပြီး အထိုင်ဂိတ်ချ စစ်ဆေးနေတာ။ မနေ့က ကျနော်တို့ သွားပစ်တာမှာ Tiktok ဆော့နေတဲ့ စစ်သား ၂ ဦး နေရာမှာပဲ လဲကျသွားတယ်။ နောက်တစ်ယောက်ကလည်း သေနိုင်တယ်။ သူတို့ကလည်း ပြန်ပစ်တော့ ကျနော်တို့လည်း ပြန်ဆုတ်လာရတယ်”ဟု Golden Eagle Force- Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် စစ်သားများက အနီးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အရပ်သား ၂ ဦး ကျည်ဆန်ထိမှန်ကြောင်းသိရပြီး စစ်သားများ သေဆုံးမှုကိုမူ MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
“မနေ့ကတော့ လာသမျှ တားစစ်နေတာ။ ယောက်ျားလေးဆို ဒိုက်ထိုးခိုင်းတယ်။ တချို့လူငယ်တွေ အထိုးခံရတယ်။အမျိုးသမီးငယ်ငယ်တွေဆို မုဒိန်းကျင့်တယ်လို့တောင် ကျနော်တို့ကြားတယ်။ အဲ့ဂိတ်ကို ဖြတ်သွားတဲ့သူတွေကို မထင်ရင် မထင်သလို ပစ်တယ်။ ဖမ်းတယ်။ မနေ့က သားမိ ၂ ယောက် အပစ်ခံရတယ်။ သေ၊မသေတော့မသိဘူး”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း လူဝင်မှုကြီးကြပ်ရေးရုံးဟောင်းတွင် တပ်စွဲထားသော စစ်သားများကို ၄၀ မမ များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သေးသည်။