စစ်ကောင်စီတပ် အသေအပျောက်များခဲ့သော ကောလင်းတိုက်ပွဲအပြီး ပြန်လည်ဆုတ်ခွာစဉ် ဖမ်းဆီး သွားသည့် ဒေသခံ ၁၇ ဦးကို ၆ ရက်ကြာသည့်တိုင် သတင်းအစအနပင် မရသေးကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၁၈ရက်နေ့က ကောလင်းမြို့နယ် ကသစ်ကုန်းကျေးရွာနှင့် ကန့်ဘလူမြို့နယ်၊ ကျခပ်အိုက်ကျေးရွာမှ ဖမ်းဆီးသွားခဲ့သော ပြည်သူ ၁၇ ဦးမှာ ယနေ့အချိန်ထိပျောက်ဆုံးနေကြောင်း Kotaungbo Revolution က ယနေ့ထုတ်ပြန်သည်။
ဖေဖေါ်ဝါရီ၁၇ရက်နေ့၊ ကောလင်းမြို့နယ်၊ တောင်ပလူရွာ၊ ဘုရားတောင်ရိုးအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် သုံးပွင့်ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သား ၁၇ ဦး သေဆုံးခဲ့သော ခမရ(၃၆၃)တပ်ကို လက်နက်ကြီးပစ်ကူနှင့် ခြေလျင်စစ်ကြောင်းတို့ဖြင့် လာရောက်ကယ်ထုတ်ခဲ့ရပြီး ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ စစ်တပ်အထိုင်စခန်းသို့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့၊ ပြန်လည်ဆုတ်ခွာစဉ် ဒေသခံများအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း Kawlin Revolution-KR ကထုတ်ပြန်ထားသည်။
“စစ်ခွေးတွေ ဆုတ်ပြေးခဲ့တာ ကိုးတောင်ဘို့က စစ်တပ်အထိုင်စခန်းကိုပါ။ အဲဒါကြောင့် အဖမ်းခံရတဲ့ ဒေသခံတွေက ကိုးတောင်ဘို့စခန်းထဲမှာပေါ့။ ဘာသတင်းအစအနမှ မရဘူး။ ဘယ်သူမှလည်း သွားမမေးရဲဘူး။ ဖမ်းတာကတော့ သူတို့တိုက်ပွဲမှာ အသေများခဲ့လို့ ပြည်သူကို ရန်ရှာတာပါ”ဟု ကိုးတောင် ဘို့ဒေသခံ စစ်ရှောင်တစ်ဦးကပြောသည်။
ဘုရားတောင်ရိုးအနီးတိုက်ပွဲကို ကောလင်းခရိုင် တပ်ရင်း(၁) မှ ဇင်ယော်လေးတပ်စိတ်၊ ထော်လှန်တပ်စိတ် နဲ့ကျောက်ပျဥ်သာတိုက်နယ် ပကဖ တို့ ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။