စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ် ယာဉ်ဖြင့်ပင် ပစ်ခတ်နေကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် အရာတော်မြို့နယ် တောင်ပိုင်း၊ မလဲသာကျေးရွာနှင့် ကုန်းတောဒေသများကို စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြနေသည့် အရာတော်ပို့စ်က ဖော်ပြသည်။
“ဒီနေ့မနက် ၁၁ နာရီကျော်လောက်က ထင်တယ်။ အဲကတည်းက အရာတော်တောင်ပိုင်းမှာ လက်နက်ကြီး၊လက်နက်ငယ်သံတွေ မျိုးစုံကြားနေရတယ်။ ရဟတ်ယာဉ်တွေလည်း စခ တွေ သုံးတယ်။ မနေ့တုန်းက အထိနာထားတော့ မဲတိုက်နေပုံပဲ။ အသေးစိတ်အခြေအနေကိုတော့ မသိရ သေးဘူး”လို့ အရာတော်မြို့နယ် စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
Mi17 ရဟတ်ယာဉ်သည် တိုက်ခိုက်ရေးတင်မက တိုက်ပွဲဝန်းကျင်နေရာသို့ စစ်ကူအင်အား ထပ်ချ နိုင်သည်ဟု အရာတော်ပို့စ်က ဆိုသည်။
ယမန်နေ့ကလည်း မင်းရွာကြီးဘက် တက်လာသည့်စစ်တပ်ကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ဆီးကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရာတော်မြို့ ပြည်သူ့ဆေးရုံသို့ ဒဏ်ရာရစစ်သားများ ရောက်ရှိလာကြောင်း သိရသည်။
“၂၁ရက်နေ့ကလည်း စခ တွေခံရတယ်။ မနေ့တုန်းကလည်း စခ တွေတက်အလာကို PDF တွေက သေချာစောင့်ပစ်လို့ ကောင်းကောင်းခံရတယ်။အရာတော်ဆေးရုံမှာ ကျည်ထိမိုင်းထိနဲ့ရောက်လာ တဲ့ စခ တွေ တန်းစီနေရော။ဘယ်နှစ်ယောက်သေသလဲတော့ မသိဘူး။မနေ့ကတည်းက မနိုင်လို့ ရဟတ် ယာဉ်နဲ့ ပစ်နေတာ”ဟု အရာတော်မြို့ပေါ်နေပြည်သူတစ်ဦးကပြောသည်။
ယမန်နေ့ ညနေပိုင်းက စစ်ရဟတ်ယာဉ်တစီးဖြင့် မင်းရွာကြီးဝန်းကျင်ကို ပစ်ခတ်ခဲ့ရာ အိမ်၃၀ခန့် မီး လောင်ကျွမ်းခဲ့ကြောင်းသိရသည်။