မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်သားများနှင့် ပျူစခန်းကို တစ်နေ့တည်း ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၁နာရီ ခန့်က သရက်ကန်ပျူစောထီးစခန်းကို အီနာဂါ ဗုံးသီး ၈ လုံးချ၍ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး နှင့် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်(ပကဖ)တပ်ရင်း-၁ထံကသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်(ပကဖ)တပ်ခွဲ-၁၊တပ်ခွဲ-၂(ဂဠုန်)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပျူစခန်းကို အီနာဂါ ပဲချတာ။ ပျူစခန်းမှာ စစ်သား ၁၅ ဦး လောက်ပဲရှိတယ်။ ကျန်တာက ပျူတွေ ၄၀ ကျော်တယ်။ဝက်ကျိုးဆည်မှာကျ သူတို့က ဆည်ကို ကင်းပတ်လာတာ။ တစ်ပတ် ၁ ကြိမ်လာတာကို ကျနော်တို့ကစောင့်နေတာ။ဆည်ပေါ်ကို အရင်ကားနဲ့တက်ပြီး ပြန်ဆင်းလာတော့ လမ်းလျှောက်ဆင်းလာချိန် မိုင်းဆွဲလိုက်တာ”ဟု မြိုင်(ပကဖ) တပ်ရင်း-၁ ခေါင်းဆောင် ဗိုလ်လက်ယာ ကပြောသည်။
ဖေဖော်ဝါရီ ၁၇ ရက် နေ့လည် ၁၀ နာရီခန့်က ဝက်ကျိုးဆည်ဘောင်ပေါ်မှ စစ်ကောင်စီအင်အား ၂၀ ခန့်ဖြင့် ကင်းပတ်ရန်ဆင်းလာသော စစ်ကောင်စီ Faw ကားကို မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ(၃) နှင့် Royal Seven People Defense Force၊God Of Enemy၊ သပြေတော(ပကဖ)မြိုင်တို့က မိုင်းပွိုင့် ၈ ပွိုင့် မိုင်း ၁၆ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကြောင်းသိရသည်။
စစ်သားနှင့်ပျူစောထီးတို့ သေဆုံးထိခိုက်ခြင်းနှင့်ပတ်သက်ပြီး MPAအနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
မြိုင်မြို့နယ် အထက-၂ တွင် တပ်စွဲထားသော စစ်သားများသည် ဝက်ကျိုးဆည်သို့ ကင်းပတ်ရန်သွားစဥ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသည့် စစ်သားအလောင်းများကို မြိုင်အနောက်ဘက် သင်္ချိုင်းတွင် မီးသင်္ဂြိုလ်ခဲ့ပြီး မြိုင်မြို့ပေါ်တွင် စစ်အင်အားအများအပြား တပ်စွဲထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင်အိမ်ကို မိုင်းလာရှင်းသော စစ်သားများအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲရာ စစ်သားတစ်ဦး သေဆုံးခဲ့သေးသည်။