မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်တွင် ပြည်သူများကို ငွေညှစ်တောင်းရမ်းနေသော စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကြဲခဲ့ရာ တပ်ကြပ်ကြီးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက် နှင့် ၁၅ ရက်နေ့တို့တွင် နွားထိုးကြီးမြို့နယ်၊ထန်းဇင်ရွာအနီး အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို Natogyi People Defense Force( မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း)က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ်တိုက်ခိုက်မှုတွင် ဗုံးသီး ၃လုံးချတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့ကာဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့ပြီး ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းဆိုသည်။
“အဲ့ဒီစခန်းက နွားထိုးမြို့ရဲ့ ၂မိုင်အကွာအဝေးလောက်ရှိတဲ့ ရွာမှာ စခန်းရှိတယ်။ အဲ့ဒီစခန်းက နေ နွားထိုးမြို့ထဲလာပြီး ဂိတ်ချစစ်ဆေးတာ၊ ကင်းပတ်တာတွေကို လုပ်လေ့ရှိတယ်။ အဲ့ဒီစခန်းကကောင်တွေက PDF တွေက ရှိုးဝါးဖိနပ်စီးပြီး စစ်တိုက်ကြတာ သတင်းတွေမှာ တွေ့ရတော့ နွားထိုးက ရှိုးဝါးဖိနပ်စီးတဲ့လူငယ်တွေကို ခေါ်ပြီးရိုက်တာတွေရှိတယ်။ အဲ့ကောင်တွေက ပြည်သူတွေဆီက ဂိတ်ချပြီး ငွေညှစ်တာတွေလည်းလုပ်တယ်”ဟု NPDF တာဝန်ခံကပြောသည်။
အဆိုပါစခန်းက စစ်သားများသည် နွားထိုးကြီးမြို့ပေါ်သို့လာ၍ ဧည့်စာရင်းစစ်ခြင်း၊ဂိတ်ချငွေတောင်းခံခြင်းနှင့်ကင်းပတ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။
“ကျနော်တို့တပ်ဖွဲ့ရဲ့ ၂ ကြိမ်တိုက်ခိုက်မှုမှာ တပ်ကြပ်အကြီးအပါအဝင် ၄ ကောင်သေတယ်။၅ ကောင် က ဒဏ်ရာပြင်းထန်တယ်။ပထမ အကြိမ်တိုက်ခိုက်မှုမှာ ၁ ကောင်က ခြေထောက်ဖြတ်လိုက်ရတယ်လို့သိရတယ်။စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်တော့မှာကြောင့် ထုတ်ပြန်ချက်များကိုလိုက်နာရန်၊စစ်ကောင်စီတပ်သားများရှိတဲ့နေရာများနဲ့ဝေးဝေးနေရန်နဲ့ ပြည်သူများကလည်း စစ်အသုံးစရိတ်ကို ထောက်ပံ့ပေးပါလို့ မေတ္တာရပ်ခံပါတယ်”ဟု ၎င်းကဆိုသည်။
သေဆုံးစစ်သားအလောင်းများနှင့်ဒဏ်ရာရတပ်ဖွဲ့ဝင်များကို မိတ္ထီလာသို့ခေါ်ဆောင်သွားပြီး တိုက်ခိုက်ခံရသောစခန်းတွင် အင်အားဖြည့်တင်းမှုမရှိသေးကြောင်းသိရသည်။
စစ်သားများ သေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ကလည်း နွားထိုး-မြင်းခြံလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်ကို NPDF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သေးသည်။