ရက္ခိုင့်တပ်တော်(AA)နယ်မြေအတွင်း အခြေစိုက်ထားသော ပြည်သူ့လွတ်လပ်ရေးတပ်တော်က အပတ်စဥ် (၄) အခြေခံစစ်သင်တန်းအတွက် တပ်သားသစ် စုဆောင်းနေကြောင်း သိရသည်။
ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independent Organization/People Independent Army) တွင် အသက် ၁၈ နှစ်ပြည့်ပြီး တပ်ဖွဲ့၏ မူဝါဒ စည်းမျဥ်းများကိုယုံကြည်သော မည်သူမဆို တာဝန်ထမ်းဆောင်နိုင်ကြောင်း PIA/PIO တာဝန်ရှိသူ ရဲဘော်မိုးနေလ ကဆိုသည်။
“ကျနော်တို့ သင်တန်းကာလမှာ ပြင်းထန်မှုရှိတယ်။ လက်နက်ကိုင်တစ်ယောက်ရဲ့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေရှိမယ်။ အမိန့်နာခံမှုရှိမယ်။ အရပ်သားဘဝကနေ လက်နက်ကိုင် တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ရမှာ ခက်ခဲမှုရှိတယ်။ ဒါကြောင့် သင်တန်းလာမဲ့ ရဲဘော်တွေအနေနဲ့ ကြိုတင်စဥ်းစားထားဖို့တော့ လိုပါတယ်။ တိုက်ခိုက်ရေးမထွက်ခင် အမိန့်နာခံဖို့ လေ့ကျင့်ရတာဖြစ်တယ်။ လက်နက်ကိုင်တစ်ယောက်ရဲ့ တာဝန် ဝတ္တရားတွေ ကျင့်ဝတ်တွေကို လေ့ကျင့်ပေးရတာ ဖြစ်တာမို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုရှိတာမို့ ရဲဘော်သစ်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်”ဟု ၎င်းကပြောသည်။
ပြည်သူ့လွတ်လပ်ရေးတပ်တော်ကို ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ CDMဝန်ထမ်းများနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လူငယ်များ စုစည်းကာ ထူထောင်ခဲ့ခြင်းဖြစ်သည်။
“၂၀၂၁ နွေဦးတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ဖို့ အခွင့်ရေးကောင်းဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ဗဟိုကော်မတီဝင် ရဲဘော်မင်းကျော်က ပြောသည်။
ပြည်သူ့လွတ်လပ်ရေးတပ်တော်ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ပြီး စစ်ရေးကိစ္စများကို PIA မှ တာဝန်ယူလုပ်ကိုင်ကာ နိုင်ငံရေးကိစ္စရပ်များကို PIO ကတာဝန်ယူလုပ်ကိုင်ကြောင်းသိရသည်။