မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် စစ်သားများ တပ်စွဲထားသော စစ်မှုထမ်းဟောင်းရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း Myingyan Black Tiger (MBT)ထံကသိရသည်။
ဖေဖော်ဝါရီ ၁၃၊ ညနေ ၅ နာရီအချိန်ခန့်က ရေစကြိုမြို့၊ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်သားများတပ်စွဲထားသည့် ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲ့ဒီစခန်းကိုတိုက်တာ။ ကျနော်တို့ကပစ်တော့ သူတို့က စက်လတ်နဲ့ ပြန်ပစ်တာ။ စခန်းထဲမှာ ကျနော်တို့တွေ့တာ ၁၀ လောင်း ကျော်တယ်။ စခန်းထဲကိုတော့ မဝင်ယုံတမယ်ပါပဲ။ စက်လက်သမား တစ်ဦးပဲ ကျန်တော့တယ်။ စက်လက်သမားကို ရှင်းလင်းဖို့လုပ်ပေမဲ့ စစ်ကူရောက်လာတာရယ်၊ ကျည်နည်းလာတာရယ်ကြောင့် စခန်းကို မသိမ်းနိုင်လိုက်ပါဘူး။ တပ်ကူလာတဲ့လမ်းမှာ ပွိုင့်( မိုင်း) ထောင်ထားပေမဲ့ ပြည်သူတွေ ရှိနေတာကြောင့် ပွိုင့် မဆွဲလိုက်ရဘူး။ ဒါကြောင့် စစ်ကူကို မဖြတ်တောက်နိုင်ခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့တာပါ”ဟု MBT တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကူများ ရောက်ရှိလာပြီးနောက် သေဆုံးစစ်သားများ၏ ရုပ်အလောင်းများကို ဖြူစင်ပရဟိတ ကားဖြင့် ၃ ကြိမ် ခွဲသယ်ဆောင်ခဲ့ကြာင်းဆိုသည်။ စစ်သားများသေဆုံးခြင်းနှင့် ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှုကို Myingyan Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော မုံရွာခရိုင် တပ်ရင်း(၁၂)တပ်ခွဲ (၄)မီးတောက်တပ်ခွဲ ၊ ချောင်းဦးမြို့နယ် (ပလဖ)၊ Banana UG ၊ခွပ်ဒေါင်းနီပြောက်ကျားတပ်နှင့်VOMDY- front warrior တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ရေစကြိုမြို့နယ်၊ဆင်မရဲကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲနေသည့် စစ်သားများနှင့် ပျူစောထီးတို့ကို MBT နှင့်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သေးသည်။