စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နဲ့ မြို့အထွက်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ၂ ရက် ဆက်တိုက် တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိသဖြင့် စစ်ဆေးမှုများ တင်းကျပ်နေကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းများ ပူးပေါင်းကာ မုံရွာမြို့၊ ညောင်ပင်စောက် လဝကရုံးတွင် တပ်စွဲထားသော စစ်သားများကို ကားပေါ်မှနေ၍ ပစ်ခတ်ခဲ့ခြင်းနှင့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့၊ ည ၇ နာရီကျော်က မုံရွာမြို့အထွက်ရှိ စစ်တပ်နှင့် ပျူစောထီးတို့ အခြေစိုက်စခန်း ဖွင့်ထားသည့် တောပုရွာကို ဒေသတွင်း PDF များက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် တိုက်ခိုက်ခဲ့သဖြင့် မုံရွာမြို့တွင်းနှင့် မြို့အဝင်အထွက်တို့တွင် စစ်ဆေးမှု တင်းကျပ်နေခြင်းဖြစ်ကြောင်း မုံရွာမြို့ခံတချို့က ပြောသည်။
“မနေ့ကလည်း အပစ်ခံရပြီးတော့ မြို့အဝင်အထွက် သေချာစစ်တယ်။ ဘယ် PDF ကိုမှလည်း မိတယ်လို့ မကြားမိပါဘူး။ စစ်တဲ့ကောင်တွေကလည်း PDF တွေ ဖမ်းမိရေးထက် သူတို့စစ်တဲ့ ပြည်သူတွေကို ပြစ်ချက်ရှာဖမ်းပြီး ငွေညှစ်ဖို့ပဲ စိတ်ဝင်စားကြတာကိုး။ ဒီနေ့မနက်ပိုင်းမှာလည်း မုံရွာမြို့ထဲမှာကို စခ တွေ ယောက်ယက်ခတ်နေတာ တွေ့ရတယ်”လို့မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် လမ်းအသွားအလာစစ်ရန် ညောင်ပင်စောက်လဝကရုံးမှ ထွက်လာသည့် စစ်သား၅ဦးကို အလစ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား၃ဦးပွဲချင်းပြီးသေပြီး ကျန်၂ဦးမှာ ရုံးထဲသို့ ပြန် ပြေးဝင်သွားကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ ကထုတ်ပြန်သည်။
“ကားသေးလေးနဲ့ လဝကရုံးရှေ့ကနေ ဖြတ်လာပြီး ပစ်သွားတာ။ စစ်သားတွေ လဝကရုံးထဲက ထွက်လာတဲ့ အချိန်ကို ကွက်တိရောက်လာပြီး ပစ်သွားတာဆိုတော့ ရုံးရှေ့မှာ တစ်ယောက်ယောက် စောင့်ကြည့်ပြီးတော့ ပစ်တဲ့ကားကလည်း သိပ်မဝေးတဲ့နေရာမှာ စောင့်နေပြီးတော့ စခတွေထွက်လာပြီ သတင်းကြားတာနဲ့ ကားနဲ့ထွက်လာပြီး ပစ်သွားတာထင်တယ်။ စခ ၃ ကောင် အပစ်ခံရပြီး လဲကျသွားတာ မြင်တဲ့သူကမြင်ကြတယ်”ဟု ၎င်းက ပြောသည်။
ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ ည ၇ နာရီကျော်ကလည်း မုံရွာမြို့အထွက်ရှိ တောပုရွာကို PDF ၄ ဖွဲ့ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝိုင်းဝန်းပစ်ခတ်ကြရာ ၄၀(မမ)လက်နက်ကြီး ၅ လုံး ပျူစောထီးများရှိသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ ၂ ဦး သေဆုံးခဲ့ကြောင်း PDF South Monywa ကထုတ်ပြန်ထားသည်။
“တောပုဆိုတာ မုံရွာကနေ စစ်ကိုင်းဘက်အထွက် လမ်းပေါ်ကနေ လှမ်းကြည့်ရင် မြင်နေရတဲ့ရွာပါ။ အဲဒီရွာမှာ ပျူတွေနဲ့ စစ်သားချည်းရှိလို့ ခဏခဏ PDFတွေ သွားပစ်လိုက်၊ မိုင်းဆွဲလိုက် လုပ်နေတာ။ ၁၃ရက်နေ့ မနက်လို တောပုရွာက ထိတဲ့ကောင်တွေကို လူနာတင်ယာဉ်နဲ့ သွားသယ် ကြတာလို့ ကြားတယ်”ဟု မုံရွာမြို့၊သလ္လာရပ်ကွက်သားတစ်ဦးကပြောသည်။
တောပုရွာပျူစောထီးများက ၆၀(မမ)၊၉၀(မမ)တို့ဖြင့် ပြန်လည်ပစ်ခတ်သော်လည်း PDFရဲဘော် များ အထိအခိုက်မရှိကြောင်း PDF South Monywa ကထုတ်ပြန်သည်။
မုံရွာမြို့သည် စစ်ကောင်စီတပ်အတွက် အန္တရာယ်များပြီး PDF ပတ်လည်ဝိုင်းနေသည့် ရှေ့တန်းစစ်မြေပြင်ဖြစ်နေပြီဟု သလ္လာရပ်ကွက်သားကပြောသည်။