မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ နယ်မြေရဲစခန်းကို သရက်ခရိုင် PDF တပ်ရင်း-၄ (Eagle Force)က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၉ ရက် ည ၁၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သား အင်အား ၂၀ ဝန်းကျင်ခန့်ရှိသော အလယ်ချောင်း တိုက်နယ်ရဲစခန်းကို သရက်ခရိုင် PDF တပ်ရင်း-၄ က လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့ မနေ့က ရဲစခန်းကို အနီးဆုံးကပ်နိုင်သမျှကပ်ပြီး လက်နက်ငယ်တွေနဲ့စပစ်တာ သူတို့ဘက်ကလည်း ရဲစခန်းအတွင်းက တူးမြောင်း၊ဘန်ကန်တွေထဲကနေ ပြန်ပစ်တာ။ G3၊MA စတာတွေနဲ့ ရမ်းပစ်တာ။ ကျနော်တို့လည်း ပြန်ဆုတ်လာခဲ့တယ်။ မနက်ခင်း နယ်မြေခံ သတင်းပေးတာက စစ်သား ၂ ယောက်သေတယ်။ ဒဏ်ရာရှိသူတွေလည်းများတယ်။ အင်အားကတော့တိုးထားတယ်။ ဘယ်က တပ်တွေလဲဆိုတာတော့ ကျနော်တို့မသိသေးဘူး။
ကပစ (၁၂) မှာတော့ အရင်ကတည်းကပို့ထားတဲ့ တပ်မ (၈၈)က စစ်သားတွေရှိတယ်။ စစ်ကြောင်းထိုးရင် တပ်မ ၆၆၊တပ်မ ၈၈ က စစ်သားတွေက ထိုးတာ။ ယခုအချိန်ထိတော့ လုံခြုံရေးတိုးမြှင့် အင်အားတိုးထားပေမဲ့ စစ်ကြောင်းထိုးတာမျိုးတွေတော့ မရှိသေးဘူး”ဟု Eagle Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကပြောသည်။
ယနေ့နံနက်ပိုင်းတွင် အလယ်ချောင်းတိုက်နယ်ရဲစခန်း၌ အင်အားတိုးမြှင့်ထားပြီး လုံခြုံရေးတင်းကျပ်ထားကြောင်းသိရသည်။ စစ်ကောင်စီတပ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၆နာရီ၄၅ မိနစ်ခန့်ကလည်း သရက်မြို့ ကပစ(၁၂)ကို Eagle Forceက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သေးသည်။