စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း၃၂၀ကျော်ဖြစ်ပွားခဲ့ပြီး ပုလောမြို့နယ်၌ အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ဇန်နဝါရီလကုန်အထိ ပုလောမြို့နယ်တွင် တိုက်ပွဲ ၈၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၇၂ ကြိမ် နှင့် ဒုတိယ အများဆုံး ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်း အထူးပြုသုတေသနအဖွဲ့ Southern Monitor ကထုတ်ပြန်သည်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက ဖေဖေါ်ဝါရီ ၂ ရက်နေ့၌ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များမှာ အခိုင်အမာ ခြေကုပ်ယူနိုင်နေပြီဖြစ်၍ ပုလော နှင့် တနင်္သာရီ မြို့နယ်များတင်မက ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ မြိတ်စသည့် မြို့နယ်များတွင်ပါ တိုက်ပွဲဆက်လက်များပြားဖွယ်ရှိကြောင်း ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်ရှိ ပြည်သူတစ်ဦး ကသုံးသပ်သည်။
“ကျနော်တို့ ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်း လောက်ကစပြီး တနင်္သာရီတိုင်းထဲမှာ PDF တွေအားကောင်း လာတာ ဒီနေ့ထိပဲ ဆိုတော့ တိုက်ပွဲခေါ်သံတွေက မြို့နယ်တိုင်း နီးပါး ဆက်လာဖို့ပဲရှိတော့တယ်”ဟု ၎င်းကပြောသည်။
အာဏာသိမ်းပြီးနောက် ထားဝယ်တွင် တိုက်ပွဲ ၅၃ ကြိမ်၊ သရက်ချောင်းတွင် ၄၁ ကြိမ်၊ လောင်းလုံးတွင် ၂၃ ကြိမ်၊ ရေဖြူတွင် ၁၈ ကြိမ်၊ မြိတ်တွင် ၇ ကြိမ်၊ကျွန်းစုတွင် ၂ ကြိမ်၊ဘုတ်ပြင်းတွင် ၁၃ ကြိမ်နှင့် ကော့သောင်းမြို့နယ်တွင် ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း Southern Monitor ကဆိုသည်။
လအလိုက်တိုက်ပွဲဖြစ်ပွားမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် တိုက်ပွဲ အရေအတွက် အမြင့်ဆုံးဖြစ်ခဲ့ပြီး နိုဝင်ဘာတွင် ၄၃ ကြိမ်နှင့် ဒီဇင်ဘာတွင် ၄၇ ကြိမ်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်းတိုက်ပွဲ ၃၃ ကြိမ်ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့တို့၏ လက်ချက်ကြောင့် ပုလောမြို့နယ်တွင် အရပ်သားနေအိမ် ၁၂၇ လုံးနှင့် တနင်္သာရီမြို့နယ်တွင် အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့၏ အချက်အလက်များအရ ပုလောမြို့နယ်တွင် စစ်ဘေးရှောင် ၄၆၃၁ ဦးနှင့် တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၂၀၀၀ ခန့်ရှိကြောင်း Southern Monitorကထုတ်ပြန်သည် ။