စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း ဝေဟင်တိုက်ပွဲများဆင်နွှဲရန် ဒရုန်းတပ်သားများ အသင့်ရှိနေပြီဖြစ်ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့(MRG)၏တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သားများကို မြေပြင်မဟာမိတ်များနှင့်ဒရုန်းတပ်သားတို့ ပူးပေါင်းတိုက်ပွဲဝင်ကာ ပိုမိုထိရောက်သည့် အောင်ပွဲများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့(MRG)၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြေက ပြောသည်။
“ MRGမှာ ဒရုန်းတပ်သားတွေရှိတယ်။ဝေဟင်တိုက်ပွဲအတွက် သေချာလည်း သင်တန်းသွားတက်ထားပြီးသားပေါ့။အာဏာမသိမ်းခင်ကလည်း ဒရုန်းနဲ့ရိုက်ကူးရေးလုပ်ဖူးသူတွေပါပဲ။ 60 မမလည်းရှိနေပြီဆိုတော့ ဒရုန်းတိုက်ခိုက်ရေးပါ ထည့်လိုက်ရင် အောင်ပွဲတွေပိုရလာမှာပါ” ဟု ရဲဘော်ပြေက ဆိုသည်။
လက်ရှိတွင် MRGအနေဖြင့် တိုက်ခိုက်ရေးဒရုန်းဝယ်ယူနိုင်ရေးအတွက် ငွေသား သိန်း လေးဆယ်တိတိကိုရရှိထားပြီး ဒရုန်းဝယ်ယူပြီးပါက တိုက်ခိုက်ရေးအစီအစဉ်များကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
MRG သည် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် NUGအစိုးရလက်အောက်ခံ တပ်ရင်း(P-13010)၏လက်အောက်ခံတပ်ခွဲတစ်ခုဖြစ်ပြီး ” မြေလတ်ရဲ့လင်းယုန် ” ကမ်ပိန်းကို ဇန်နဝါရီ ၁၉ရက်နေ့မှ ၂၂ရက်နေ့အထိပြုလုပ်ကာ ဒရုန်းဝယ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်။