မကွေးတိုင်း၊သရက်နှင့်မင်းတုန်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးများကို လင်းယုန်တပ်ဖွဲ့က သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၁၄ ရက် နံနက် ၄ နာရီ ၅ မိနစ် ဝန်းကျင်ခန့်နှင့် ၄ နာရီ မိနစ် ၂၀ ခန့်တွင် မင်းတုန်းမြို့ လဝက ရုံးကို သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ(လင်းယုန်တပ်ဖွဲ့)က အဝေးထိန်းမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ စကစ ရဲ့ ဒီအလိမ်အညာ ရွေးကောက်ပွဲကို အသိအမှတ်မပြု လက်မခံကြောင်း ပြသချင်လို့ သရက်၊ မင်းတုန်း နှစ်မြို့နယ်က လဝက ရုံးတွေမှာ သတိပေးဖောက်ခွဲတဲ့သဘောပါ”ဟု လင်းယုန်တပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။
ဇန်နဝါရီ ၁၃ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်ကလည်း မင်းတုန်းမြို့ လဝက ရုံးကို သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
မင်းတုန်း လဝက ရုံး ကိုဖောက်ခွဲမှုအပြီးတွင် ရဲ ၃ ဦး ရောက်လာပြီးစစ်ဆေးမှုပြုလုပ်နေစဥ် ဖောက်ခွဲမှုပြုလုပ်ခဲ့သော်လည်း မိုင်းချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် မပေါက်ကွဲခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မင်းတုန်း လဝက ရုံး အမိုးများလန်ထွက်ကာ ပျက်စီးသွားပြီး သရက် လဝက ရုံးမှာ ပြတင်းတံခါးမှန်များကွဲကာ လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိနေကြောင်းသိရသည်။
ဇန်နဝါရီ ၁၀ ရက်နေ့မှစ၍ သရက်ခရိုင်အတွင်းတွင် လူဦးရေစာရင်း ကောက်ခံလျက်ရှိသည်။ မြို့ပေါ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ထွေအုပ်စာရေးနှင့်ရဲတပ်ဖွဲ့ဝင် ၃ဦးသာပါဝင်ပြီး ကျေးရွာများတွင် စစ်သားများပါ လုံခြုံရေးယူကာ စာရင်းကောက်ခံနေကြောင်းသိရသည်။
လဝက ရုံးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဥ်အပြီးတွင် သရက်မြို့ပေါ်၌ ဆိုင်ကယ် ၂ယောက်မစီးရန် စစ်ကောင်စီက လိုက်လံကြေညာနေသည်ဟုသိရသည်။