စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် ထွေအုပ်ရုံးတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ကာ ဒေသခံပြည်သူ ၄ဦးကိုဖမ်းဆီးခံထားရကြောင်း ကောလင်းမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ရက်နေ့ ၊ည၈နာရီခန့်က စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် ကောလင်းထွေအုပ်ရုံးတိုက်ခိုက်ခံရပြီးနောက် သေနတ်ငယ်များဖြင့် ရမ်းပစ်ကာ လက်နက်ကြီး လေးချက်ထက်မနည်းထုခဲ့ကြောင်း ကောလင်းမြို့နယ် ဒေသခံတစ်ဦးက ရှင်းပြသည်။
“ မနေ့ည ၈နာရီလောက်က ထွေအုပ်ရုံးတိုက်ခိုက်ခံရတယ်။စစ်ခွေးတွေဘက်က သေတဲ့သူရှိတယ်။ဒီကောင်တွေ သေနတ်တွေရမ်းပစ်သံတွေကြားရတယ်။လက်နက်ကြီးနဲ့ထုလိုက်တာ ငွေစံပါယ်တည်းခိုခန်းကို နှစ်လုံးကျတယ်။မဒီနာလမ်းကြားနှင့် အရှေ့စျေး ပတ်ချာလည် ကို စစ်ခွေးတွေရှာနေကြတယ်။ဒီနေ့ မနက် ၇နာရီလောက်က လင်းလင်းဆေးဆိုင်က ဦးဝင်းကိုတို့လင်မယားနဲ့ အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးကို ထွေအုပ်ရုံးထဲဖမ်းခေါ်သွားတယ်” ဟု ကောလင်းမြို့နယ် ဒေသခံတစ်ဦးက အတည်ပြုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်နေ့၊နေ့လည် ၂နာရီခန့်က ကောလင်းမြို့ အ.ထ.က (၁)ကျောင်းဝန်းအတွင်းမှ စစ်ကောင်စီတပ်သား ၆၀ခန့်ပါသည့် စစ်ကြောင်းသည် ယောမြေနီရွာ မှ စိတ္တူရွာသို့ဦးတည်သွားခဲ့ပြီး ကျုံးကြီးရွာသို့ အကူးတွင် ကောလင်းတပ်ရင်း ၁ ၊ ဝန်းသိုတပ်ရင်း ၄၊ကောလင်းဝန်းသို ပ.က.ဖများ တပ်ပေါင်းစုများနှင့် ထိတွေ့မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကောလင်းဝန်းသို ပ.က.ဖတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ မနေ့က ၂နာရီလောက်မှာ ကျွန်တော်တို့နဲ့ထိတွေ့မှုဖြစ်တယ်။သူတို့ဘက်က တော်တော်ထိတယ်။၁၀ကောင်ထက်မနည်း သေတယ်။ညနေ ၆နာရီလောက်ကျတော့ ကျူံးကြီးရွာကို မီးရှို့လိုက်တယ်။အိမ်ခြေ ဆယ်ဂဏန်းထက်မနည်း မီးထဲပါသွားတယ်။ပျက်စီးဆုံးရှုံးမှုကိုမသိသေးဘူး။စစ်ခွေးတွေက မီးရှို့ပြီးတော့ ကောလင်းမြို့ထဲပြန်ဝင်သွားပြီ” ဟု ကောလင်းဝန်းသို ပ.က.ဖတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများအနေဖြင့် ကောလင်းမြို့ပေါ်ရှိ ရပ်ကွက်လမ်းတိုင်းတွင် ဂိတ်များပြုလုပ်ထားပြီး အိမ်ထောင်စုစာရင်းများကောက်နေကြကြောင်း MPAမှ စုံစမ်းသိရသည်။