စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအထမြောက်အောင် ကူညီမည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု CNO/CNDF က ထုတ်ပြန်လိုက်သည်။
CNDF စစ်ဌာနချုပ်ရုံးအတွင်း ဇန်နဝါရီလ ၆ရက်နေ့မှ ၉ရက်နေ့အတွင်း ၄ရက်တာ ပြုလုပ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက်ညီလာခံတွင်ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်နက်မဲ့ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်ပြီး၊ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးကာ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် အဆမတန်တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့်ပါတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ဖလမ်းမြို့နှင့် အထက်ချင်းတွင်းဒေသအတွင်း ပြုလုပ်ခြင်း မရှိရန် CNO/CNDFက လုံးဝတားမြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
CNO/CNDFမှ လေးရက်တာပြုလုပ်ခဲ့သည့် ဒုတိယကြိမ်မြောက် ညီလာခံအစည်းအဝေးသို့ တပ်မဟာ ၄ခုမှ ညီလာခံ ကိုယ်စားလှယ် ၆၀ဦးနှင့် စောင့်ကြည့်လေ့လာသူ ၃၀ ဝန်းကျင်တက်ရောက်ခဲ့ကြပြီး တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများအပေါ်ပြန်လည်သုံးသပ်ကာ ရှေ့ဆက်ရမည့် လမ်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။
CNO/CNDFတပ်ဖွဲ့အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။