အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနှင့် စစ်ရေးအရှိန်မြှင့်ခြင်းနှင့်အတူ ပြည်သူ့ရင်ခွင်ဝင်လာမည့်စစ်သားနှင့်ရဲ လက်ခံရေးအစီအစဉ်ကို စနစ်တကျပြင်ဆင်ထားရန်လိုပြီဟု အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဖရိုဖရဲဖြစ်နေပြီဖြစ်ပြီး NUGနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က စစ်ရေးအရှိန်မြှင့်တင်ပြီဆိုပါက မင်းအောင်လှိုင်အတွက် တိုက်ခိုက်ချင်စိတ်ကုန်ခမ်းနေပြီဖြစ်သော စစ်သားများယခုထက်ပို၍ ပြည်သူ့ရင်ခွင် ဝင်ရောက်မှုများလာနိုင်ကြောင်း ၎င်းကဆိုသည်။
“အခု ရှေ့တန်းမှာ စစ်တိုက်နေတဲ့စစ်သားတွေကို ကျည်ဆန်တွေလိုသလောက် မပြတ်တမ်းဖြည့်ပေးနေပေမဲ့ ရိက္ခာကျတော့ မဖြည့်ပေးဘူး။ ဆန်ပြုတ်သောက်ရတယ်။ မဝရေစာစားရတယ်။ အငတ်ငတ် အပြတ်ပြတ်နဲ့ စစ်တိုက်နေရတယ်။ အဲဒါကို စစ်သားတွေ အသည်းနာတာ။ ဖြစ်နိုင်ရင် စစ်မတိုက်ချင်ကြတော့ဘူး။NUG ဘက်က စစ်ရေးအရှိန်မြှင့်တာနဲ့ စစ်မတိုက်ချင်တဲ့စစ်သားတွေ CDM ပိုလုပ်လာမယ်။ အခုဟာက တဲတဲလေးပဲ။ NUGအနေနဲ့ ဘာပြင်ထားသလဲ”ဟု ၎င်းကပြောသည်။
အမေရိကန်NDAA အက်ဥပဒေ၏ မြန်မာ့နွေဦးတော်လှန်ရေးပံ့ပိုးမှုပေးမည့်အထဲတွင် ပြည်သူ့ရင်ခွင်ဝင်စစ်သားများအား အကူအညီပေးရေးလည်းပါဝင်သဖြင့် ယင်းအပေါ်အသုံးချကာ အကောင်းဆုံး ပြင်ဆင်ထားရန်လိုကြောင်း အငြိမ်းစားတပ်အရာရှိကြီးကဆိုသည်။
“စစ်သားတွေက CDM လုပ်ချင်နေပေမဲ့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့အတွေးရှိတယ်။ CDM စစ်သားတွေ ကို ဒီလိုထားပေးတယ်။သူတို့ကို ဒီလိုတွေ လုပ်ပေးဖို့ရှိတယ်ဆိုတာမျိုး စစ်သားတွေ မြင်အောင် သေချာဝါဒဖြန့်နိုင်ဖို့လိုမယ်”ဟု ၎င်းကဆက်ပြောသည်။
စစ်ရေးအရှိန်မြှင့်ခြင်းအပြင် အာဆီယံနှင့်လုံခြုံရေးကောင်စီ ဖိအားနှင့် အမေရိကန်၏ထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများ အားကောင်းလာပါက စစ်သားများ အစုအဖွဲ့လိုက် ပြည်သူ့ရင်ခွင် ဝင်လာနိုင်သည်ကို မမေ့လျော့ကာ ကြိုပြင်ထားသင့်ကြောင်းလည်း ၎င်းက သတိပေးသည်။
“လတ်တလောအဆင်မပြေဘူးလားဆိုတော့ ပြေပါတယ်။မိသားစုနဲ့ကျတော့ ကလေးတွေရဲ့ပညာရေး တို့ အနာဂတ်တို့ ဒါတွေထည့်တွက်ရတယ်။အခုထက်ပို အဆင်ပြေဖို့လိုပါမယ်”ဟု နယ်စပ်တစ်နေရာရှိ CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။
CDMစစ်သားများအတွက် ခိုင်မာသည့်မျှော်လင့်ချက်ရှိ ကြောင်း လက်တွေ့သက်သေပြနိုင်လျှင် CDM စစ်သားဦးရေ သိသာစွာမြင့်တက်လာမည်ဟုလည်း ၎င်းကမှတ်ချက်ပြုသည်။
ယခုရက်ပိုင်အတွင်း ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးဒေသတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်။