By MPA
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ရင်းအနီးရှိ သပိတ်တောင်(ရခိုင်)ရွာကို စက်တင်ဘာလ ၂၃ရက်၊ ယနေ့ည၉ နာရီအချိန်ခန့်မှစတင်ပြီး အကြမ်းဖက်စစ်တပ်၏ တပ်မ ၂၂ မှ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက အတည်ပြုပြောကြသည်။
ထိုအမှတ်(၈)နယ်ခြားစောင့်ရဲတပ်ရင်းအနီးတွင် အလယ်ချောင်းရိုဟင်ဂျာကျေးရွာတည်ရှိပြီး ထိုသပိတ်တောင်ကျေးရွာမှာလည်း ယင်းအနီးအနားတွင် တည်ရှိနေခြင်းဖြစ်သည်။
” စစ်တပ်က မီးတိုက်နေတာက ရခိုင်ရွာပါ။ စစ်တပ်က အဲဒီရွာထဲမှာရောက်နေတာနည်းနည်းကြာပါပြီ။ မနေ့ညကတည်းက ခုထိလက်နက်ကြီးတွေပစ်နေတာပါ။” ဟု အလယ်ချောင်းကျေးရွာနေ ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။
ထိုနခခ ၈ နှင့်ကင်းချောင်းရဲကင်းစခန်းမှလည်း ယနေ့ နံနက်ပိုင်းက စတင်ကာ လက်နက်ကြီးများပစ်ခတ်နေသဖြင့် သပိတ်တောင်အပြင် ကင်းချောင်းကျေးရွာမှဒေသခံပြည်သူတချို့လည်းထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတချို့ကပြောသည်။
” ဒီတပ်မ ၂၂ က အရင်တုန်းကလည်းရိုဟင်ဂျာရွာတွေကို မီးရှို့ခဲ့ကြတာပါ။ ခုလည်း ရခိုင်ရွာတွေကို ဒီအတိုင်းလုပ်နေပါတယ်။ကျွန်တော်တို့လည်း ကြောက်နေကြပါတယ်။” ဟု နောက်ထပ် အလယ်ချောင်းရွာသားရိုဟင်ဂျာတစ်ဦးက ပြောသည်။
အဆိုပါ အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ရင်းမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ပြီးထိုသတ်ဖြတ်ခံထားရသည့်ရိုဟင်ဂျာအလောင်းများပေါ်တွင် အစဖျောက်တည်ဆောက်ထားခြင်းဟု ရိုဟင်ဂျာများက ပြောသည်။
အကြမ်းဖက်စစ်တပ်မှ ယခုမီးရှို့ဖျက်ဆီးနေသည့် ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)နှင့်အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်မှ တမင်သက်သက်ပြုလုပ်နေခြင်းဖြစ်ကြောင့် ဒေသခံများက ဆိုသည်။