By Fact Check Team / MPA
ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများနှင့် အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများစွာ ပျံ့နှံ့လျက်ရှိသည်။ ထိုသို့ ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို MPA၏ သတင်းအချက်အလက် စစ်ဆေးသူများက လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း စိစစ်ဖော်ထုတ်ကာ Fact Check News အနေဖြင့် ရေးသားဖော် ပြပေးလျက်ရှိသည်။
ဇွန် ၂၂ရက်မှ ၂၈ရက်အထိ တစ်ပတ်အတွင်း သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း သက်သေပြအချက် အလက်စစ်ဆေးခဲ့သော Fact Check News များကို ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါသည်။
ဇွန် ၂၂ရက်
ထုတ်ပြန်ချက်အတုထုတ်၍ သံဃာတော်များကို လမ်းပေါ်ဆွဲခေါ်သည်ဟု သတင်းအမှားဖြန့်
စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဇွန် ၁၉ရက်တွင် ပျံလွန်ခဲ့သည်။ ဆရာတော်ပျံလွန်ခဲ့သည့်အပေါ် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သား ဟောင်း တပည့်သံဃာတော်များက သဘောထားထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများက စာအတုလုပ်၍ သံဃာတော်များအား ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ လမ်းပေါ်ဆွဲခေါ်သည်ဟု တယ်လီဂရမ် ချန်နယ်တွင် သတင်းအမှားများ ဖြန့်ဝေခဲ့ကြသည်။
ထုတ်ပြန်ချက်အတု ဟုတ်/မဟုတ် သိရန် Googleတွင် “ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များ သဘောထားထုတ်ပြန်ချက်”ဆိုသည့် Keyword ဖြင့် ရှာဖွေစစ်ဆေးရာ သတင်း မီဒီယာများ၌ သတင်းများ ဖော်ပြထားကြသည်။ ဒါကြောင့် စစ်ကောင်စီလော်ဘီများသည် ထုတ်ပြန်ချက် အစစ်အား ထုတ်ပြန်ချက်အတုဟူ၍ သတင်းအမှား ဖြန့်ဝေခဲ့ခြင်းအား သက်သေပြစစ်ဆေးနိုင်ခဲ့သည်။
ဇွန် ၂၃ရက်
PDF များ ပစ်ခတ်မှုကြောင့် မြင်းခြံမြို့က ဆရာတော်တစ်ပါး ပျံလွန်တော်မူဆိုပြီး စစ်ကောင်စီလော်ဘီ သတင်းအမှားဖြန့်
မြင်းခြံမြို့နယ် ဆမခကျေးရွာရှိ ဆရာတော်တစ်ပါလိုက်ပါစီးနင်းလာသည့် ကားကို PDF များ ပစ်ခတ်တိုက်ခိုက်သဖြင့် ဆရာတော် ပျံလွန် ဆိုသော သတင်းအမှားများ ဇွန် ၂၃ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
မြင်းခြံအခြေစိုက် Myingyan Black Tiger PDF (MBT) အဖွဲ့က အဆိုပါ ပစ်ခတ်မှုသည် မိမိတို့အဖွဲ့နှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ ယခုရက်ပိုင်းတွင် မြင်းခြံနှင့်နီးနီးကပ်ကပ်မရှိသလို စစ်ရေးလှုပ်ရှားမှုလည်း မရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် ဆမခကျေးရွာရှိ ဆရာတော်ကားကို PDF များ ပစ်ခတ် တိုက်ခိုက်သဖြင့် ဆရာတော် ပျံလွန်ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း စစ်ဆေး ဖော်ထုတ်နိုင်ခဲ့သည်။
ဇွန် ၂၄ရက်
သံတွဲလေဆိပ်ကို AA သိမ်းထားကြောင်း သတင်းဌာနများက ဖော်ပြထားသော်လည်း အသိမ်းမခံရသေးဟု စစ်ကောင်စီ လော်ဘီများ သတင်းအမှားဖြန့်
ရခိုင်ပြည်နယ် သံတွဲမြို့ သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA)က သိမ်းထားကြောင်း သတင်းဌာနများက ဖော်ပြထားသော်လည်း အသိမ်းမခံရသေးဟု စစ်ကောင်စီလော်ဘီများ ဇွန် ၂၃ရက်နှင့် ၂၄ရက်တို့တွင် တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။
သတင်းအချက်လက်များအား အဆင့်ဆင့်အတည်ပြုရေးသားနေသော သတင်းဌာနများတွင် သံတွဲ လေဆိပ် အနီးတိုက်ပွဲ ဖြစ်ပွားနေပြီး သံတွဲလေဆိပ်ကို AA အဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်ဟု တညီတညွတ်တည်း ဖော်ပြ ထားကြသည်။ ဒါကြောင့် သံတွဲလေဆိပ် အသိမ်းမခံရသေးဆိုသည့် စစ်ကောင်စီလော်ဘီများ ဖြန့်ဝေနေသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သက်သေပြစစ်ဆေးနိုင်ခဲ့သည်။
ဇွန် ၂၆ရက်
TNLA အဖွဲ့ အပစ်ရပ်စည်းကမ်းချိုးဖောက်ခဲ့သည်ဟု စစ်ကောင်စီလော်ဘီအချို့ တယ်လီဂရမ်ချန်နယ်တွင် သတင်းအမှားဖြန့်
TNLA အဖွဲ့ ဟိုဂင်အပစ်ရပ်စည်းကမ်းကိုချိုးဖောက်ခဲ့သည်ဟု စစ်ကောင်စီလော်ဘီအချို့က ဇွန် ၂၅ရက်တွင် တယ်လီဂရမ်ချန်နယ်တွင် သတင်းအမှားဖြန့်ဝေခဲ့သည်။ Google တွင် “စစ်ကောင်စီတပ် နှင့် TNLA တိုက်ပွဲ” ဟု Keyword ဖြင့် ရှာဖွေရာ သတင်းမီဒီယာများ၏ သတင်းများအား တွေ့ရသည်။
စစ်ကောင်စီတပ်က ဟိုင်ဂင်သဘောတူညီချက်ကို စတင်ချိုးဖောက်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်း ဖော်ပြထားကြသည်။
“ TNLA တပ်စခန်းရှိရာဒေသများဘက်သို့ စစ်ကောင်စီတပ်က စတင်ကာ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း ဖြင့် ဗုံးကျဲခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် အရပ်သားပြည်သူအပါဝင် TNLA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်” ဟု သတင်းမီဒီယာများတွင် ရေးထားသည်။
ဒါကြောင့် ဟိုဂင် အပစ်ရပ်စည်းကမ်းအား စစ်ကောင်စီတပ်က စတင်ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း သက် သေပြ၍ သတင်းအချက်အလက်စစ်ဆေးနိုင်ခဲ့သည်။
ဇွန် ၂၇ရက်
ပြည်သူ့စစ်အခြေစိုက် ရှင်မကန်ကျေးရွာအား PDFများ ဝင်စီး၍ ပြည်သူများကို ဖမ်းဆီးပြီး နေအိမ်မီးရှို့ခဲ့ဆိုသည့် သတင်းအမှား
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာရှိ ပြည်သူစစ်များကို ဇွန် ၂၅ ရက်၊ နံနက် ၅ နာရီတွင် PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဒါ့အပြင်ယင်းကျေးရွာရှိ နေအိမ်အလုံး ၇၀ ခန့်အား မီးရှို့ပြီး ကျေးရွာနေပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း တယ်လီဂရမ်ချန်နယ်များ၌ စစ်ကောင်စီလော်ဘီများ သတင်းအမှားများဖြန့်ဝေခဲ့ကြသည်။
ရှင်မကန်ကျေးရွာရှိ ပျူစောထီး ပြည်သူ့စစ်အဖွဲ့ကို PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်း မီဒီယာများတွင် တညီတညွတ်တည်း ရေးကြသော်လည်း နေအိမ်များအား မီးရှို့ခြင်းနှင့် ပြည်သူများကို ဖမ်း ဆီးခေါ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပေ။
ဒါ့အပြင် ကမ္ဘာပေါ်ရှိ မီးလောင်မှုဖြစ်စဉ်များကို ကြည့်ရှုနိုင်သော NASA ၏ Fire Information for Resource Management System(FIRMS) အား အသုံးပြု၍ ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာ တည်နေရာ၌ ကြည့်ရှုရာ ဇွန် ၂၅ရက်တွင် မီးလောင်ထားသော အထောက်အထားဖော်ပြထားခြင်း မရှိပေ။
ဒါကြောင့် PDF အဖွဲ့က နေအိမ်များ မီးရှို့၍ ပြည်သူများကို ဖမ်းဆီးဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သက်သေပြစစ်ဆေးနိုင်ခဲ့သည်။
ဖော်ပြပါ သတင်းအမှားအကြောင်းအရာ ငါးပုဒ်ကို MPA Fact Check Team က တပတ်အတွင်း အချက်အလက်စစ်ဆေးခဲ့သည်။
Facebook, Tiktok, Youtube,Telegram, X(Twitter), Instagram စသည့် မြန်မာပြည်သူများ အသုံးပြုမှုများ ပြားသော ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် တခြားသော ပလက်ဖောင်များတွင်လည်း သတင်းအမှန်များနှင့် သတင်းအတု၊ သတင်းအမှားများ ရောထွေးပျံ့နှံ့လျက်ရှိပါသည်။
ဒါ့ကြောင့် ဆိုရှယ်မီဒီယာများပေါ်တွင် တွေ့မြင်ကြားသိရသော သတင်းအကြောင်းအရာများအား အလျင်စလို ယုံကြည်လက်ခံလိုက်တာမျိုး မလုပ်ရန် တိုက်တွန်းချင်ပါသည်။ သတင်းအကြောင်းအရာတွင် ပါဝင်သော စာသား၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင် စသည့်တို့ကို Google ၌ ရှာဖွေ၍ သတင်းအမှန် ဟုတ်/မဟုတ် အတည်ပြုစစ်ဆေးကြည့်ရှုနိုင်သည်။
ကျင့်ဝတ်လိုက်နာ၍ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်အတည်ပြု ရေးသားဖော်ပြနေသော သတင်းဌာနများက သတင်းများကို ဖတ်ရှုရန် အကြံပြုလိုပါသည်။ ဒါ့အပြင် သတင်းအမှားများကို အချက်အလက်စစ်ဆေး၍ ရေးသားဖော်ပြနေသော Fact Check သတင်းများအား ဖတ်ရှုရန် MPA Fact Check Team က အကြံပြုလိုပါသည်။
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-185654_002.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-185654_003.jpg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-185654_004.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-185654_005.jpeg)
![](https://mpapress.com/wp-content/uploads/2024/06/signal-2024-06-28-185654_006.jpeg)