By Wazza / MPA
မန္တလေးမြို့ရှိ မဟာမုနိဘုရား၌ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်အတိုကောက် အင်္ဂလိပ်စာလုံးများဖြင့် ဘုရားပန်း ပူဇော်ထားသော ဓာတ်ပုံအဟောင်းများ ဇွန် ၁၉ရက်တွင် ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့နေသည်။
ယနေ့ ဇွန် ၁၉ရက်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉နှစ်ပြည့် မွေးနေ့၌ ဓာတ်ပုံအဟောင်းများ ပြန်လည် ပျံ့နှံ့လာခြင်းဖြစ်သည်။ “Minn Zaw” အမည်ရှိ ဖေ့ဘွတ်ခ်အကောင့် က ဓာတ်ပုံအဟောင်းများနှင့်အတူ “အစောင့်အကြပ်တွေ ကြားထဲက မန္တလေး” ဟု ရေးကာ ဇွန် ၁၉ရက် မွန်းလွဲ ပိုင်းတွင် ပို့စ် တင်ထားခြင်းဖြစ်သည်။
ယင်း ပို့စ်ကို ဖေ့ဘွတ်ခ်တွင် Like and react ပြုလုပ်သူ ၃၅၀၀ ကျော်ရှိပြီး Share ပြုလုပ်သူ ၇၀၀ ကျော်အထိရှိနေသဖြင့် ပျံ့နှံ့မှုများပြားနေသည်။
ဓာတ်ပုံအဟောင်းများ တင်ထားသော ပို့စ် >>> https://archive.ph/nRxuu/image
ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့မှုများပြားနေသော ဓာတ်ပုံကို MPA၏ အချက်အလက်စစ်ဆေးသူများက ရှာဖွေစစ် ဆေးကြည့်ရာ ၂၀၂၁ခုနှစ် ဇွန် ၁၉ရက်က မဟာမုနိဘုရားတွင် ဘုရားပန်းပူဇော်ထားသောဓာတ်ပုံများ ဖြစ် ကြောင်း ရှာဖွေတွေ့ရှိသည်။
ဆိုရှယ်မီဒီယာ X တွင် Civil Disobedience Movement အမည်ရှိ အကောင့်က ၂၀၂၁ခုနှစ်တွင် ဇွန် ၁၉ရက်တွင် #76FlowerStrike #WhatsHappeningInMyanmar ဟူ၍ ရေးကာ ဓာတ်ပုံများနှင့်အတူ တင်ထားခြင်း ဖြစ်သည်။
ဆိုရှယ်မီဒီယာ X တွင် ၂၀၂၁ခုနှစ် ဇွန် ၁၉ ရက်က တင်ထားသော ပို့စ်လင့်ခ် >>> https://archive.ph/ubM4c
X တွင် တင်ထားသော ပို့စ်လင့်ခ်ကို ဝင်ကြည့်လျှင် “Minn Zaw” ဖေ့ဘွတ်ခ်အကောင့်က တင်ထား ထားသော ဓာတ်ပုံများသည် ၂၀၂၁ ခုနှစ်က ဓာတ်ပုံများအား ပြန်လည်ကူးယူတင်ထားခြင်း ဖြစ်ကြောင်း သိနိုင်သည်။